ဒီနေ့ မနက်မှာ ရောက်ရှိလာခဲ့တာပါ။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးပညာအဖွဲ့ဝင်တွေဟာ ဒီနေ့ ဧပြီလ ၈ ရက် မနက်ပိုင်းက ရန်ကုန်ကိုရောက်ရှိလာခဲ့ပြီး ဒေါ်လာ ၆ သိန်းတန် ဆေးပစ္စည်းတွေနဲ့ လူထောင်နဲ့ချီစစ်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်းတစ်ခုလည်း ပါလာခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးက Duwun ကိုပြောပါတယ်။

Photo- Ministry of Foreign Affairs



“ ရန်ကုန်လေဆိပ်ကို ဒီနေ့ မနက် ၁၀ နာရီခွဲမှာ ရောက်ပြီ။ဆေးနဲ့ဆေးပစ္စည်းတွေပါတယ်။ laboratory တစ်ခုပါတယ်။ သူတို့ပါလာတဲ့ပစ္စည်း က ၅.၃ တန်ချိန်ရှိတယ်။ နိုင်ငံခြားဝန်ကြီးကိုယ်စားလက်ခံယူပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနကို လေဆိပ်မှာလွှဲပြောင်းပေးလိုက်ပါပြီ” လို့ ဦးဇော်ထွန်းဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ပြန့်ပွားရေးတိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေဖို့ တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်က အဖွဲ့ဝင် ၁၂ ဦးပါဝင်တဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့တွေဟာ ဒီနေ့ မနက်ပိုင်းက ကူမင်းမြို့ ချမ်းရွှေလေဆိပ်ကနေ ရန်ကုန်ကို ထွက်ခွာလာခဲ့တာတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ COVID-19 စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက Mask တွေ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ၊ ဆေးနဲ့ဆေးပစ္စည်း ထောက်ပံ့မှုတွေ လုပ်ပေးလျှက်ရှိနေတယ်လို့လည်းသိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဖြစ်ပွားသူ ၂၂ ဦးရှိတဲ့ အနက် ၃ ဦးသေဆုံးခဲ့ပြီလို့လည်း သိရပါတယ်။

သေဆုံးသူတွေကတော့ မင်္ဂလာတောင်ညွှန့်မြို့နယ်က နှာခေါင်းကင်ဆာရောဂါအခံရှိသူ အသက် ၆၉ နှစ်အရွယ် အမျိုးသား၊ မြောက်ဥက္ကလာပမြို့နယ်က အသက် ၆၃ နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးနဲ့ ပေါက်ခေါင်းမြို့နယ်က ဒုအုပ်ချုပ်ရေးမှူး အသက် ၄၇ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က