Photo: နန္ဒာလွင်ဖေ့စ်ဘွတ်
Miss Grand Myanmar 2016 နန္ဒာလွင် ဟာ အခုဆိုရင် သရုပ်ဆောင်လောကထဲကို ခြေလှမ်းစတင်ဝင်ရောက်လျှက်ရှိပါတယ်။ သူ့အနေနဲ့ သရုပ်ဆောင် လောကထဲ ကို စတင်ဝင်ရောက်လာတဲ့ အမှတ်တရအနေနဲ့ ချစ်ခြင်းစတုဂံ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပထမဆုံးပါဝင် သရုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ အမှတ်တရ စကားသံတွေကိုလည်း မီဒီယာတွေကနေ တဆင့် အခုလိုပြောပြခဲ့ပါတယ်။
'' သရုပ်ဆောင်နဲ့ ပတ်သက်ပြီးတော့ ဇာတ်လမ်းတွဲကိုအရင်ဆုံး ရိုက်ခဲ့တာပါ။ အဲ့ဒီဇာတ်လမ်းတွဲနာမည်ကတော့ ချစ်ခြင်း စတုဂံ ဆိုတဲ့ နာမည် နဲ့ပါ။ MWD Documentary Channel ကနေ ၇ လပိုင်း၊ ၈ လပိုင်းလောက်ဆိုရင် လွှင့်ပါမယ်။ ဇာတ်လမ်းတွဲထဲမှာဆိုရင် ညီမကာရိုက်တာက ဗန့် တော်တော်လေးကို ယုတ်မာ တယ်။ ဇာတ်လမ်းစကတည်းကလည်း ညီမက အကြမ်းနဲ့ စရတာ။ ကိုယ့်ကိုယ်ကို တောင်ပျောက်သွားတယ်။ ညီမက အပြင်မှာဆို ပျော်ပျော် ရွှင်ရွှင်နေတတ်တာလေ။ ဇာတ်လမ်းတွဲထဲမှာက အဲ့ဒီလိုမဟုတ်ဘူး အပြင်မှာ လူကိုတွေ့ရင်သတ်ချင်မလား မသိဘူး'' လို့ သူကဆိုပါတယ်။
Photo: နန္ဒာလွင်ဖေ့စ်ဘွတ်
ချစ်ခြင်းစတုဂံ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ဇာတ်ကြမ်းကာရိုက်တာနဲ့ ဗီလိန်တစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ အမှတ်တရတွေ ကိုလည်း ဇွန်လ ၂၃ ရက်နေ့ က သူ့ရဲ့ အသက် ၂၅ နှစ်ပြည့် မွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ တာဖြစ်ပါတယ်။
'' ကိုယ်လေ တကယ်လုပ်နေတယ်လို့တောင် ခံစားရတယ်။ အဲ့ဒီအထဲမှာ ရန်ဖြစ်တာပေါ့နော် ကိုယ့်ချစ်သူက နောက်တစ်ယောက်နဲ့ ကုတင်ပေါ်မှာ တွေ့တာ။ ကိုယ်ကဝင်လည်း ဝင်လာရော ကုတင်ပေါ်မှာတွေ့လိုက်တော့ ရိုက်နှက်မယ်ဆိုပြီးတော့ လုပ်တာပေါ့။ ညီမ တကယ်ကို ရိုက်တာ အားတောင်နာတယ် သူ့ကိုလေ။ သူကလည်း သူ့ကိုတကယ်ရိုက်နေမှန်းသိတော့ ကာတာလေ။သူ့နာရီနဲ့ ကိုယ့်လက်တွေ လည်းနာ၊ သူလည်းနာ ဘယ်လိုဖြစ်သွားလည်းမသိဘူး။ ဆွဲတာတောင် ဆွဲလို့မရဘူး ကိုမင်းမြတ်စိုးစံရယ်၊ ကိုခါရာရယ် ဆွဲတာတောင် မရဘူး'' လို့ ဆိုပါတယ်။
Photo: နန္ဒာလွင်ဖေ့စ်ဘွတ်
Miss Grand International ပြိုင်ပွဲသို့ အလှမယ် နန္ဒာလွင် သွားရောက် ယှဉ်ပြိုင်မည်
Miss Grand Myanmar 2016 ပြိုင်ပွဲကြီးပြီးခဲ့တဲ့အချိန်မှာ သူ့အနေနဲ့ ကိုရီးယားမလေးတွေရဲ့ သဘာဝဆန်တဲ့ နှာခေါင်းကို သဘောကျတဲ့ အတွက် ကိုရီးယားနိုင်ငံမှာ နှာခေါင်းသွားပြင်သေးတယ်လို့ ဆိုပါတယ်။
'' နှာခေါင်းပြင်ထားတာကတော့ ကိုရီးယားမှာ သွားပြင်ထားတာပါ။ အစက ထိုင်းမှာ တော်တော်များများ ပြင်ကြတာများတယ်။ ဒါပေမယ့် ညီမက ကိုရီးယားမလေးတွေရဲ့နှာခေါင်းကပိုပြီးတော့ သဘာဝဆန်တယ်။ ငါ့နှာခေါင်းများ ပိုပြီးတော့ သဘာဝဆန်မလားဆိုပြီးတော့ပေါ့။ အခုဆို ပြင်ထားတာ တစ်နှစ်ကျော်သွားပြီ ၆ လလောက်အထိက ညီမလုံးဝမကြိုက်ဘူး။ ထပ်ပြင်မယ်ဆိုပြီးပြောနေတာ ဒါပေမယ့် ညီမ ဆုံးဖြတ်ထားတာက ခန္ဓာကိုယ်ကို ဓားလေးနဲ့ တစ်ချက်တောင် လှီးရအောင် မလုပ်တော့ဘူးလို့ စဉ်းစားထားတယ်။ နာကျင်တာ မရှိပေမယ့် ကြောက်တယ်'' လို့ သူပြောပါတယ်။
Photo: နန္ဒာလွင်ဖေ့စ်ဘွတ်
နန္ဒာလွင်ပါဝင်သရုပ်ဆောင်ထားတဲ့ ချစ်ခြင်းစတုဂံ ရုပ်သံဇာတ်လမ်းတွဲကိုတော့ MWD Docomentry Channel ကနေထုတ်လွှင့်ပြသ သွားမယ်လို့ သိရပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲထဲမှာ ခါရာ၊ မင်းမြတ်စိုးစံ၊ ထက်ထက်ထွန်းနဲ့ အတူ နန္ဒာလွင် တို့ကလည်း အဓိက သရုပ်ဆောင်အဖြစ်ပါဝင်ထားတယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတဲ့ နန္ဒာလွင်က ရုပ်ရှင်ဇာတ်ကားကြီး တွေလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။
နန္ဒာလွင်ဟာ Miss Now How 2016 တွင် Popular Award ဆုကို ရရှိခဲ့သူ၊ အမေရိကန်နိုင်ငံမှာ ပြုလုပ်ကျင်းပခဲ့တဲ့ Miss Grand International 2016 Beauty Pagent ပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တစ်နှစ်လုံး အမေရိကန်နိုင်ငံမှာ အလှမယ်တစ်ယောက် အဖြစ် မြန်မာ နိုင်ငံ ကိုယ်စားပြု သံတမန်တစ်ယောက် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် မှာတော့မြန်မာနိုင်ငံ ကိုပြန်လည် ရောက်ရှိလာပြီးသူမဝါသနာပါတဲ့အနုပညာသရုပ်ဆောင်အလုပ်များကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Share