လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးကို ငြင်းပယ်ခဲ့တယ်လို့ သိရပြီး ယူနိုက်တက်ရဲ့ စီးပွားရေးဆန်တဲ့ လုပ်ရပ်တွေကြောင့် မုန်းတီးခဲ့တယ်လို့ Metro ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ဟာ အသင်းပိုင်ရှင် ဂလေဇာမိသားစုအတွက် မက်မောလောက်ဖွယ် စီးပွားရေးလုပ်ငန်းတွေကို အမြဲတမ်း ကြီးကြပ်ပေးနေခဲ့သူဖြစ်ပြီး အသင်းရဲ့ ကစားပုံအဆင့်အတန်းကတော့ ၂၀၁၃ ခုနှစ်မှာ ဆာအဲလက်စ်ဖာဂူဆန်အနားယူပြီးနောက် ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။
လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းက လူးဝစ္စဗန်ဟားလ်ကို နည်းပြအဖြစ် မခန့်အပ်မီမှာ နည်းပြရာထူးအတွက် ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ သိရပြီး ကလော့ပ်က ယူနိုက်တက်ရဲ့အသင်းအပေါ်ထားရှိတဲ့ အမြင်ကို နားမလည်နိုင်ဖြစ်ခဲ့တယ်လို့ ရော်ဘီဖောင်လာရဲ့ ပြောကြားချက်အရ သိရပါတယ်။
“ကျွန်တော် လွန်ခဲ့တဲ့နှစ်တွေမှာ ကလော့ပ်နဲ့ အင်တာဗျူးလုပ်ခဲ့ပြီး သူ ကျွန်တော့်ကို ပြောတာကတော့ ဒေါ့မွန်အသင်းကို နည်းပြပြီးတဲ့နောက်မှာ အရမ်းချမ်းသာတဲ့အသင်းကြီးတွေဆီက ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တယ်တဲ့။ အဲဒီထဲက တစ်သင်းကတော့ မန်ချက်စတာယူနိုက်တက်ဖြစ်မယ်ဆိုတာ ကျိန်းသေပဲ။ နောက်တစ်သင်းကတော့ ရီးရဲမက်ဒရစ် ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ စီးပွားရေးအရ လွှမ်းမိုးနိုင်မှုတစ်ခုတည်းအပေါ်ကိုပဲ အာရုံစိုက်နေကြတာကို သူ မုန်းတီးခဲ့ပါတယ်”
“သူက လီဗာပူးအသင်းကို နှစ်သက်တယ်လို့ ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ထိပ်ဆုံးကို ရောက်နိုင်ဖို့ လိုအပ်တဲ့ ငွေကြေးနဲ့ အသင်းသမိုင်း၊ အသင်းရဲ့အမှတ်လက္ခဏာနဲ့ ပရိသတ်တွေကြားမှာ ဟန်ချက်ညီနေလို့တဲ့”လို့ Mirror မှာ ရော်ဘီဖောင်လာက ရေးသားခဲ့ပါတယ်။