မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးကြယ်ပွင့် ဟယ်ရီမက်ဂွိုင်းယားကို ပေါင်သန်း ၄၀ နဲ့ ပြီးခဲ့တဲ့အပတ်က ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ မက်ဂွိုင်းယားကို ခေါ်ယူဖို့ ပြိုင်ပွဲမှာ နောက်ထပ် အခြေအနေတိုးတက်မှုတွေ ရှိလာပြီလို့ Football365 ရဲ့ဖော်ပြချက်အရ သိရပါတယ်။
Daily Star သတင်းဌာနဟာ မန်ချက်စတာစီးတီးအသင်းက လက်စတာစီးတီးနောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ဖော်ပြခဲ့တဲ့သတင်းဌာနတွေထဲက တစ်ခုဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းနဲ့ ဟယ်ရီမက်ဂွိုင်းယားတို့ဟာ စာချုပ်တောင် ချုပ်ဆိုခဲ့ပြီးပြီလို့ သိရပြီး လာမယ့်အပတ်မှာ ဆေးစစ်မှု ပြုလုပ်သွားမယ်လို့ Daily Star ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ မက်ဂွိုင်းယားကို ယခုနွေရာသီမှာ ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေကြတာဖြစ်ပြီး လက်ရှိသတင်းတွေအရ မန်စီးတီးက လက်ဦးမှုရရှိသွားပြီလို့ ယူဆရမှာဖြစ်ပါတယ်။
ဟယ်ရီမက်ဂွိုင်းယားဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်ခဲ့သူဖြစ်ပြီး ယခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လစ်လျူရှုလိုက်ပြီလို့ ယုံကြည်ရပါတယ်။
မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း လက်စတာစီးတီးအသင်းကို ဦးဆောင်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရသူဖြစ်ပါတယ်။