လက်စတာစီးတီးအသင်းကြယ်ပွင့် ဟယ်ရီမက်ဂွိုင်းယားဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းကို ပေါင်သန်း ၈၀ နဲ့ပြောင်းရွှေ့တော့မယ်လို့ The Mirror က ဖော်ပြခဲ့ပါတယ်။
ဟယ်ရီမက်ဂွိုင်းယားဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်း ၈ သောင်းအထိ ရရှိမယ့် စာချုပ်ကို ချုပ်ဆိုဖို့ မန်ချက်စတာစီးတီးအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေအရ သိရပြီး ပြောင်းရွှေ့ကြေးဟာ ဗန်ဒိုက်ကို လီဗာပူးအသင်းခေါ်ယူခဲ့စဉ်ကထက် ပိုမိုများပြားမယ်လို့ မျှော်လင့်ရပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလက လက်စတာစီးတီးအသင်းနဲ့ ၅ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယားဟာ မဖြစ်မနေ အသင်းပြောင်းရွှေ့လိုတာမဟုတ်ပေမယ့်လည်း ကမ်းလှမ်းမှုဟာ ငြင်းပယ်ဖို့ခက်လောက်အောင် ကောင်းလွန်းနေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ဟယ်ရီမက်ဂွိုင်းယားရဲ့အပြောင်းအရွှေ့သတင်းဟာ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ပြီဖြစ်ပြီး မက်ဂွိုင်းယားကို ယခုနွေရာသီထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းအတွက်ကတော့ ဟယ်ရီမက်ဂွိုင်းယားကို ခေါ်ယူဖို့ ကြိုးပမ်းမှုဟာ လျင်လျင်မြန်မြန်နဲ့ ဖြစ်ပေါ်လာခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့အပြီးသတ်အောင်မြင်သွားပြီဆိုတာနဲ့ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ရိုဒရီကို ပေါင် ၆၂ သန်းနဲ့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။