ချီလီလက်ရွေးစင်ကြယ်ပွင့်တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တာကို နောင်တမရမိကြောင်း ပြောကြားခဲ့ပြီး အောင်မြင်ဖို့အတွက် လုံလောက်တဲ့ပွဲကစားချိန်မရရှိခဲ့ဘူးလိုု့ ပြောကြားခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့သြဂုတ်လကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
အလက်ဆစ်ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၄ သိန်းအထိ အမြင့်မားဆုံးလစာရရှိခဲ့ပေမယ့် အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့ချိန်အထိ ၄၅ ပွဲမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။
“ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာ အရမ်းပျော်ရွှင်မိပါတယ်”
“ကျွန်တော် အမြဲတမ်းအဲဒီလိုပဲ ပြောခဲ့တာပါ။ ယူနိုက်တက်က အင်္ဂလန်မှာ ဖလားအများဆုံးရရှိထားတဲ့အသင်းပါ”
“ကျွန်တော် သူတို့နဲ့ ပူပေါင်းပြီး အရာအားလုံးကို ရယူချင်ခဲ့ပါတယ်။ အဲဒီကို သွားခဲ့ရတဲ့အတွက် ကျွန်တော် လုံးဝနောင်တမရပါဘူး”လို့ BBC Sport ကို ပြောကြားခဲ့ပါတယ်။
အလက်ဆစ်ဆန်းချက်ဇ်ဟာ ၂၀၁၄ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အာဆင်နယ်အသင်းအတွက် ၁၆၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၈၀ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။