Photo - အကျဉ်းဦးစီးဌာန
အင်းစိန်၊ မန္တလေး၊ လွိုင်ကော်၊ ဘားအံ၊ တောင်ငူ၊ မြိတ်၊ ကသာ၊ သရက် နဲ့ မုံရွာ စတဲ့ အကျဉ်းထောင် ၉ ခုမှ အကျဉ်းကျခံနေရသူတွေထဲကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုကြတယ်လို့ အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။
ဖြေသူတွေထဲက မှာ အကျဉ်းကျခံနေရတဲ့ အမျိုးသား ၁၄၅ ဦး၊ အမျိုးသမီး ၁၅ ဦးနဲ့ အချုပ်ကျခံနေရတဲ့ ၇ ယောက်တို့ ပါဝင်ပါတယ်။ အများဆုံး ဝင်ရောက်ဖြေဆိုကြတဲ့ အကျဉ်းထောင်တွေကတော့ အင်းစိန်အကျဉ်းထောင်နဲ့ မန္တလေးအကျဉ်းထောင်တို့ဖြစ်ကြပြီး ၇၁ ဦးစီး အသီးသီး ဖြေဆိုကြပါတယ်။
အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရပေမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုလိုသူတွေအတွက် ထောင်အတွင်းရှိ ကျောင်းမှာ စနစ်တကျသင်ယူနိုင်ဖို့ ဆရာ၊ ဆရာမတွေ ထားရှိသင်ကြားပေးနေတယ်လို့လည်း သိရပါတယ်။
အခုနှစ်မှာ အကျဉ်းထောင်တွေကနေ တက္ကသိုလ်ဝင်တန်းဖြေဆိုသူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ - ၂၀၁၈ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ပိုများခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အကျဉ်းထောင် ၈ ခုကနေ အကျဉ်းသား၊ အကျဉ်းသူ နဲ့ အချုပ်သား စုစုပေါင်း ၁၀၄ ဦး ဖြေဆိုခဲ့ပြီး ၄၇ ဦး အောင်မြင်ခဲ့ကြပါတယ်။