အဆိုပါအချိန်ဆိုရင် ရော်နယ်ဒိုရဲ့ အသက်က ၄၀ ဖြစ်နေတော့မှာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြီးရင်လည်း ရော်နယ်ဒိုက ဘောလုံးဆက်ကစားနေလိမ့်မယ်လို့ ပေါ်တူဂီနောက်ခံလူဖွန်တီက ပြောဆိုလိုက်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးရော်နယ်ဒိုဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအထိကို ကစားနိုင်ချေရှိတယ်လို့ ဖွန်တီကပြောဆိုခဲ့ပြီး ဒါဟာ ပေါ်တူဂီကြယ်ပွင့်က အသက် ၄၀ အရွယ်ခန့်ထိ ဆက်ကစားမယ်လို့ ဆိုလိုလိုက်တာလည်းဖြစ်ပါတယ်။ 

ဖွန်တီနဲ့ ရော်နယ်ဒိုတို့နှစ်ဦးစလုံးကတော့ ပေါ်တူဂီကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ talkSPORT နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွန်တီက ပြောဆိုခဲ့တာဖြစ်ပြီး ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှုက ယူရို ၂၀၂၄ ပြိုင်ပွဲအတွက်တောင်မှ လုံလောက်တဲ့အနေအထားရှိတယ်လို့လည်း ဖွင့်ဟသွားခဲ့ပါတယ်။ 

"သူ့ရဲ့ နောက်ဆုံးအင်တာဗျူးမှာ ရှင်းရှင်းလင်းလင်း သူ ပြောသွားတယ်လို့ ကျနော်ထင်တယ်၊ သူ့အနာဂတ်ကို သူ တယောက်တည်းပဲ ဆုံးဖြတ်မယ်ဆိုတာလေ၊ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေက ကောင်းနေတယ်လို့ ကျနော်ထင်တယ်၊ သူကိုယ်တိုင်ကလည်း အဲဒါကို ခံစားနေရတယ်၊ သူ့မှာအနိုင်ရဖို့ အခွင့်အရေးရှိနေရင်၊ အမြင့်ဆုံးအဆင့်မှာ စွမ်းဆောင်ရည်ကိုထိန်းထားနိုင်ရင် သူ ဆက်ကစားမယ်လို့ ပြောခဲ့တာမဟုတ်လား"

"သူ့စိတ်ထဲမှာ ဘာရှိလဲဆိုတာ ဘယ်သူကမှ အတိအကျမသိပါဘူး၊ ဒါကြောင့် သူ့အနာဂတ်ကို သူပဲဆုံးဖြတ်နိုင်မှာပါ၊ သူက ဆက်ကစားချင်နေသေးတော့ ကာတာမှာတင်မဟုတ်ဘဲ အနည်းဆုံးတော့ လာမယ့် ယူရိုပြိုင်ပွဲအထိပါ သူ မျှော်လင့်ထားတယ်လို့ ကျနော်ကတော့ ထင်တယ်" လို့ ဖွန်တီက ပြောဆိုခဲ့ပါတယ်။ 


ရော်နယ်ဒိုကတော့ ဘလွန်းဒီအောဆု ၅ ကြိမ်ဆွတ်ခူးထားပြီး ပေါ်တူဂီနဲ့အတူ ဆုဖလား ၂ လုံးရယူထားသူဖြစ်ပါတယ်။ 

Share

က္က