ရိုးမားနည်းပြကြီး မော်ရင်ဟိုကတော့ သူ့အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲအဆင့်ဆီ ပို့ဆောင်ပေးခဲ့ရာမှာ ယူရို ၇ သန်းတည်းသာ အသုံးပြုခဲ့ရတာဖြစ်လို့ ထူးခြားတဲ့ စွမ်းဆောင်ရည်ဖြစ်တယ်လို့ ဝံ့ကြွားလိုက်ပါတယ်။ မော်ရင်ဟိုရဲ့ ရိုးမားဟာ လေဗာကူဆင်ကို အဝေးကွင်းမှာ သရေကစားပြီးနောက် နှစ်ကျော့ပေါင်းရလဒ် ၁-၀နဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။
ဘဏ္ဍာရေးစည်းမျဉ်းတွေအရရော၊ အသင်းရဲ့ ဘတ်ဂျက်အနေအထားအရရော မော်ရင်ဟိုဟာ ကစားသမားသစ်တွေကို ခေါ်ယူဖို့ အခက်အခဲရှိခဲ့ပြီး အလွတ်ခေါ်ယူမှုတွေကိုသာ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ ကစားသမားအရောင်းအဝယ်စာရင်းအရ သူတို့ဟာ အသားတင် ယူရို ၇ သန်းတည်းသာ သုံးစွဲထားခဲ့တာလည်းဖြစ်ပါတယ်။
မော်ရင်ဟိုက "ယူရိုသန်း ၄၀ ဒါမှမဟုတ် သန်း ၇၀ လောက် တန်ကြေးရှိတဲ့ ကစားသမားတွေကို အရန်ခုံမှာထားနိုင်တဲ့ အသင်းတသင်းတည်းသာ အခက်မတွေ့တာပါ၊ ဖိုဒန်နဲ့ အယ်လ်ဗာရက်တို့က မနေ့က မန်စီးတီးပွဲအရန်ခုံမှာ ရှိနေခဲ့ပါတယ်၊ ရောမမှာသာ အဲဒီလိုကစားသမားတဦးလောက်ရှိခဲ့ရင် ပိုပြီးကောင်းပါလိမ့်မယ်၊ ကျနော်တို့က စျေးကွက်ထဲမှာ ယူရို ၇ သန်းပဲ အသုံးပြုခဲ့တာပါ"
"ကျနော်တို့ အခု ဗိုလ်လုပွဲကို ရောက်နေပါပြီ၊ ကျနော်တို့လုပ်ခဲ့တာတွေက ထူးခြားပြောင်မြာက်ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဒီရာသီမှာ မာတစ်၊ ဒီဘာလာ၊ ဝိုင်နယ်ဒမ်တို့လို ကစားသမားကောင်းတွေကို အလွတ်ခေါ်ယူကာ စုစည်းထားခဲ့ပြီး ရှိရင်းစွဲကစားသမားတွေ၊ လူငယ်ကစားသမားတွေနဲ့ သူ့အသင်းကို ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။