ယူရိုခြေစစ်ပွဲရဲ့ အုပ်စု ဃ မှာတော့ ထူးခြားတဲ့ အရာတခုရှိပါတယ်။ အဲဒါကတော့ ခြေစစ်ပွဲတွေမှာ ရမှတ် ၃ မှတ်ပဲ ရထားတဲ့ အိုင်ယာလန်က ခြေစစ်ပွဲအောင်ဖို့အတွက် အခွင့်အရေးရှိနေသေးတာဖြစ်ပြီး အဲဒီအခွင့်အရေးကို ရဖို့အတွက် သူတို့ဟာ နယ်သာလန်နဲ့ ကစားရမယ့် ခြေစစ်ပွဲကို အရေးနိမ့်ဖို့ လိုအပ်နေတယ်ဆိုတာပါပဲ။
အိုင်ယာလန်ဟာ ယူရိုခြေစစ်ပွဲကို ခြေစစ်ပွဲအုပ်စုအဆင့်ကနေ အောင်မြင်ဖို့ မဖြစ်နိုင်တော့ဘဲ အောင်မြင်ချင်ရင် နေးရှင်းလိဂ်ပလေးအော့အဆင့်ကစားခွင့် ရဖို့ လိုအပ်နေပါတယ်။ ပလေးအော့ကစားခွင့်ရဖို့အတွက်ဆိုရင် နေးရှင်းလိဂ်ရဲ့ အဆင့်သတ်မှတ်ချက်အရ သူတို့အထက်မှာ အသင်း ၇ သင်းထက် ပိုရှိနေလို့တော့ မရပါဘူး။ လက်ရှိမှာ ဟော်လန်က သူတို့ထက် အဆင့်သတ်မှတ်ချက် ပိုမြင့်တဲ့ အသင်းဖြစ်နေပါတယ်။
ဒါကြောင့် အိုင်ယာလန်က ပလေးအော့ကစားခွင့်ရဖို့ဆိုရင် နယ်သာလန်က ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်မှ ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် နယ်သာလန်ကြောင့် လစ်လပ်သွားမယ့် နေရာကို သူတို့က ရရှိနိုင်မှာပါ။ အဲဒီလိုဖြစ်လာဖို့အတွက်ဆိုရင် အိုင်ယာလန်ဟာ နယ်သာလန်နဲ့ ကစားရမယ့် ခြေစစ်ပွဲကို အရေးနိမ့်ဖို့တော့ လိုပါတယ်။
နယ်သာလန်က ဂရိ၊ အိုင်ယာလန်တို့နဲ့ ခြေစစ်ပွဲတွေ ကစားဖို့ကျန်နေပြီး အုပ်စုဒုတိယနေရာအတွက် ဂရိနဲ့ အပြိုင်ဖြစ်နေတာပါ။ မနက်ဖြန်မှာ ကစားရမယ့် ဂရိနဲ့ပွဲကို နိုင်ရင် အုပ်စုဒုတိယနေရာအတွက် မျှော်လင့်ချက်ရှိကာ အိုင်ယာလန်ကို ထပ်အနိုင်ရရင် ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။ ဒါဆိုရင် အိုင်ယာလန်ကလည်း နေးရှင်းလိဂ်ပလေးအော့အတွက် နေရာတခုရပြီး အဲဒီကတဆင့် ခြေစစ်ပွဲအောင်မြင်မယ့် လမ်းစကို ရှာနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် အိုင်ယာလန်ဟာ နယ်သာလန်နဲ့ ကစားရမယ့်ပွဲကို သေချာပေါက်ရှုံးဖို့တော့ လိုပါတယ်။ အဲလိုမှမဟုတ်ဘဲ သူတို့က နယ်သာလန်ကို နိုင်သွားရင် နယ်သာလန်က အုပ်စုတွင်း တတိယနေရာသာရကာ နေးရှင်းလိဂ်ပလေးအော့နေရာကို ယူသွားမှာမို့ အိုင်ယာလန်တို့ ဘာမျှော်လင့်ချက်မှ ရှိမှာမဟုတ်တော့ပါဘူး။