ဆီဗီလာနဲ့ ကစားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ရိုးမားရဲ့ နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်ကို မော်ရင်ဟိုက ကွင်းပိတ်ပြီး ပြုလုပ်သွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဒီလေ့ကျင့်ခန်းကို နည်းစနစ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆေးအဖွဲ့တွေကိုသာ ဝင်ခွင့်ပေးခဲ့ပြီး ကျန်အသင်းဝန်ထမ်း ဘယ်သူ့ကိုမဆို ပေးဝင်ခြင်းမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ဒါဟာ ဘူဒါပက်မှာ ဗုဒ္ဓဟူးနေ့ကစားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင် အသင်းနည်းစနစ်ပိုင်း ပေါက်ကြားမှုတွေဖြစ်ပွားမှာကို မော်ရင်ဟိုက ကြိုတင်ကာကွယ်ခဲ့တာလို့လည်း ယူဆရပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲမတိုင်ခင်ကလည်း အလားတူပြုလုပ်ခဲ့ပြီး ၁-၀ နဲ့ အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ကာ ရိုးမားကို သမိုင်းတလျှောက် ဥရောပဖလားတလုံး ရယူနိုင်စေခဲ့ပါတယ်။
ခံစစ်ကို အားပြုလွန်းတဲ့ နည်းပြလို့ လူသိများထင်ရှားပြီး သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အသုံးပြုမှုကိုတော့ ပြောင်မြောက်တဲ့ စကားလုံးတွေနဲ့ ကာကွယ်လေ့ရှိတဲ့ မော်ရင်ဟိုက ပြိုင်ဘက်အသင်းက ဆီဗီလာဖြစ်နေလို့ ပိုမိုသတိထားနေပုံရပါတယ်။ ဆီဗီလာကတော့ ယူရိုပါလိဂ်မှာ အကြိမ်အများဆုံးဗိုလ်စွဲထားတဲ့အသင်းဖြစ်ပြီး ဗိုလ်လုပွဲရောက်တိုင်းမှာ ဆုဖလားတွေ ရယူနိုင်လေ့ရှိပါတယ်။
ရိုးမားဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ခံစစ်ပိုင်းတောင့်တင်းမှုကြောင့် တက်ရောက်လာခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာ လေဗာကူဆင်ကို ပထမအကျောာ့အနိုင်ကစားပြီး ဒုတိယအကျော့ကို ရေပက်မဝင်တဲ့ ခံစစ်ပိုင်းကစားဟန်နဲ့ ကစားခဲ့ပြီး ဂိုးမရှိသရေကျကာ ဗိုလ်လုပွဲတက်ရောက်ခဲ့တာဖြစ်ပါတယ်။ အခုလည်း သူ့ရဲ့ နောက်ဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းမှုကို ကွင်းပိတ်ပြုလုပ်ခဲ့လို့ မော်ရင်ဟိုတယောက် ဗိုလ်လုပွဲမှာ ဘယ်လိုအကွက်ဆန်းတွေ ထုတ်သုံးလာမလဲ စောင့်ကြည့်ရတော့မှာပါ။