ဘက်တစ်ကို အနိုင်ရပြီး ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကို ယူနိုက်တက်တို့ တက်ရောက်ခဲ့ပြီးနောက် ပေါလ်စခိုးက အဆိုပါအဆင့်မှာ သူ တွေ့စေချင်တဲ့ အသင်းတွေကို ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ကွင်းလယ်လူဟောင်းက သူ့အသင်းကို ပွဲကြီးပွဲကောင်းတွေပဲ ကစားစေချင်တယ်လို့ ဖွင့်ဟခဲ့ပြီး အင်အားနည်းတဲ့ အသင်းတွေနဲ့ ရင်မဆိုင်စေချင်ဘူးလို့ ဆိုခဲ့ပါတယ်။
ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကိုတော့ ဂျူဗင်တပ်စ်၊ ဆီဗီလာ၊ ဖီယင်နော့ဒ်၊ ရိုးမား၊ စပို့တင်း၊ စိန့်ဂီလွိုက်စ်အသင်းတို့နဲ့အတူ မန်ချက်စတာယူနိုက်တက်က တက်ရောက်နိုင်ခဲ့တာပါ။ လက်ကျန် ၈ သင်းထဲမှာ ယူနိုက်တက် အားအကောင်းဆုံးလို့ ဆိုရမှာဖြစ်ပြီး လက်ရှိကစားနေဟန်နဲ့ဆိုရင် ဆုဖလားကိုပါ ရယူနိုင်တဲ့အထိ စွမ်းဆောင်နိုင်မယ့် အနေအထားမှာလည်း ရှိနေပါတယ်။
ပေါလ်စခိုးက "ကျနော်က အမြဲတမ်းပွဲကြီးပွဲကောင်းတွေပဲ ကြည့်ချင်တာပါ၊ အိုးထရက်ဖို့ဒ်မှာ ပွဲကြီးပွဲကောင်းတွေကစားရတာကို ကျနော်သဘောကျတယ်၊ ယူရိုပါလိဂ်မှာရှိနေတဲ့အတွက် ချန်ပီယံလိဂ်မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်ရဲ့သမိုင်းကြောင့် ပွဲဖြစ်လာရင် ဘယ်လောက်တောင်ကောင်းမလဲ။ နှစ်သင်းစလုံးက အရင်အဆင့်မှာမဟုတ်ဘူးဆိုတာ သိပါတယ်"
"ဒါပေမယ့် သူတို့တွေဟာ ပြန်လာဖို့ လမ်းကြောင်းပေါ်ကို ရောက်နေပုံရပါတယ်။ဒါကြောင့် ကျွန်တော့်အတွက် ဂျူဗင်တပ်စ်နဲ့ ရိုးမားလည်းဖြစ်နိုင်တယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ ယူရိုပါလိဂ်မှာတော့ အာဆင်နယ်က စပို့တင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ထွက်သွားခဲ့ရပြီဖြစ်ပြီး အင်္ဂလန်ကလပ်အဖြစ် ယူနိုက်တက်တသင်းတည်းသာ ကျန်ရှိနေတော့လည်း ဖြစ်ပါတယ်။
အဲရစ်တန်ဟက်ဂျ်ကတော့ ယူနိုက်တက်နည်းပြဘ၀မှာ ကာရာဘောင်ဖလားကို ဆွတ်ခူးထားပြီးဖြစ်ပါတယ်။ အခုအခါမှာတော့ နောက်ထပ်ဆုဖလားရယူနိုင်ဖို့အတွက် ယူရိုပါလိဂ်က အခြေအနေကောင်းတွေ ပေးနေပြီဖြစ်ကာ ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။