လက်ကျန် ၈ သင်းမှာ သူတို့က အင်အားအကြီးဆုံးဖြစ်နေပါတယ်။

ဂါလာတာစာရေးကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဘာစီလိုနာအသင်းကတော့ သူတို့အသင်းသမိုင်းမှာ ယူရိုပါလိဂ်ဖလားကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ဖို့အတွက် ရေပန်းစားလာခဲ့ပြီဖြစ်ပါတယ်။ ဇာဗီရဲ့ ဘာစီလိုနာဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ပြုတ်လာပြီးနောက် ယူရိုပါလိဂ်ကို ပြောင်းကစားခဲ့ရပြီး အခုဆိုရင် ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။ 

ဂါလာတာစာရေးကို အိမ်ကွင်းမှာ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပေမယ့် အဝေးကွင်းမှာတော့ အနိုင်ရရှိအောင် စွမ်းဆောင်ခဲ့ရာမှာ ပီဒရီနဲ့ အော်ဘာမီယန်တို့က အနိုင်ဂိုးတွေသွင်းယူပေးခဲ့ကြပါတယ်။ အော်ဘာမီယန်ကတော့ သူ့ရဲ့ဂိုးသွင်းခြေကို အခုချိန်ထိ ဆက်လက်ပြသနေဆဲဖြစ်ကာ အသင်းသစ်အတွက် ၁၀ ပွဲကစားအပြီးမှာပဲ ၇ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ 

ယူရိုပါလိဂ်မှာ နာပိုလီနဲ့ ရင်ဆိုင်ရလို့ ထွက်ခွာရလိမ့်မယ်လို့ ယူဆခံခဲ့ရတဲ့ ဘာစီလိုနာက အကောင်းဆုံးကျော်ဖြတ်ပြခဲ့ပြီး ဂါလာတာစာရေးကိုပါ ထပ်မံကျော်လွှားခဲ့တာဖြစ်ပါတယ်။ ဇာဗီလက်ထက်မှာ ရလဒ်ကောင်းတွေဆက်တိုက်ပြန်လည်ရရှိလာပြီး အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းပြသမှုနဲ့ ဘာစီလိုနာတို့ ခေါင်းပြန်ထောင်လာနိုင်ခဲ့ပြီး ဆုဖလားမျှော်လင့်ချက်တွေပါ အားကောင်းလာခဲ့တာဖြစ်ပါတယ်။ 

ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တဲ့ အသင်းတွေအဖြစ် ဝက်စ်ဟမ်း၊ လိုင်ယွန်၊ ဖရန့်ဖတ်၊ လိုက်ဇစ်၊ အတ္တလန္တာ၊ ဘရာဂါ၊ ရိန်းဂျားစ်နဲ့ ဘာစီလိုနာတို့ရှိနေပြီး လက်ရှိခြေစွမ်းနဲ့ ကစားသမားအင်အားအရ ဘာစီလိုနာက အကောင်းဆုံးအခွင့်အရေးကို ပိုင်ဆိုင်နေတာလည်းဖြစ်ပါတယ်။ ဇာဗီအနေနဲ့ သူ့ရဲ့ဘာကာနည်းပြဘ၀ ပထမဆုံးရာသီမှာပဲ အသင်းကို ဥရောပဖလားတလုံးဆွတ်ခူးပေးနိုင်ခဲ့မယ်ဆိုရင်တော့ အောင်မြင်တဲ့ရာသီတခုအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။ 

လာလီဂါမှာလည်း ဘယ်သူကမှ ထင်မှတ်မထားတဲ့ အခြေအနေကနေ အဆင့် ၂ နေရာကိုပါ မျှော်လင့်နိုင်ပြီဖြစ်တဲ့ ဘာစီလိုနာက နည်းပြသစ်ခန့်အပ်မှု၊ ကစားသမားသစ်ဝယ်ယူမှုတွေမှန်ကန်ခဲ့ပြီး သူတို့ရဲ့ပုံမှန်ရယူနေကျ နေရာကိုပါ ပြန်လည်ရောက်ရှိဖို့ နီးစပ်လာခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က