မနေ့က ယူရိုပါလိဂ်မဲခွဲအပြီးမှာ လှောင်ပြောင်နေကြတာပါ။

ယူရိုပါလိဂ်အုပ်စုအဆင့်မဲခွဲမှုတွေကို မနေ့က ပြုလုပ်ခဲ့အပြီးမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်ဆိုဆီဒက်၊ ရှရစ်၊ အိုမိုနီးယားအသင်းတွေနဲ့ တအုပ်စုတည်းကျရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၆ သာ ရရှိခဲ့တဲ့နောက် ယူနိုက်တက်တို့ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဝေးခဲ့ရကာ လက်ရှိရာသီမှာလည်း အဖွင့်ပွဲ ၃ပွဲမှာ ၂ပွဲအထိ အရေးနိမ့်ကာ ပြီးခဲ့တဲ့တပတ်ကမှ လီဗာပူးလ်ကို အနိုင်ယူပြီး ပထမဆုံးနိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ 

တကယ်လို့သာ ယူနိုက်တက်မှာ ရော်နယ်ဒိုဆက်ရှိနေမယ်ဆိုရင်တော့ ပေါ်တူဂီသားဟာ ၂၀၀၂ ကစပြီး ပထမဆုံးအကြိမ်အဖြစ် ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားရမှာလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကစားချင်တာကြောင့် ယူနိုက်တက်က ထွက်ခွာဖို့ကြိုးစားနေပေမယ့် လက်ရှိအချိန်ထိတော့ အသင်းသစ်ရှာမတွေ့သေးဘဲ ကြိုးစားနေရဆဲဖြစ်ကာ မနေ့က အုပ်စုမဲခွဲမှုအပြီးမှာ သူ့ကို လှောင်ပြောင်မှုတွေအများအပြားရှိလာခဲ့ပါတယ်။ 

အုပ်စုတွင်းမှာ ရင်ဆိုင်ရမယ့် အိုမိုနီးယားဟာ ဆိုက်ပရပ်ကလပ်ဖြစ်ကာ အသင်းပေါင်း ၁၂ သင်းရှိတဲ့ လိဂ်မှာ အဆင့် ၇ သာ ပြီးခဲ့တဲ့ရာသီက ရရှိခဲ့တဲ့အသင်းဖြစ်ပြီး ဆဲလ်တစ်နည်းပြဟောင်း နေးလန်နွန်ကိုင်တွယ်နေတာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး Vestegaard_G63 ဆိုတဲ့ တွစ်တာအကောင့်က "ဆိုက်ပရပ်စ်က လယ်သမားတွေနဲ့ တွေ့ရမယ့်အချိန်မှာ ရော်နယ်ဒိုရဲ့ ကိန်းဂဏန်းတွေက တိုးလာဦးမှာပဲ၊ ဒီလိုဖြစ်လာမယ်လို့ ဘယ်သူတွေးမိလဲ?" လို့ ရေးသားပြီး လှောင်ပြောင်ခဲ့ပါတယ်။ 

အခြားသောအသင်းဖြစ်တဲ့ ရှရစ်ကလည်း မော်လ်ဒိုဗာအသင်းငယ်လေးဖြစ်ပါတယ်။ ဒါကြောင့်လည်း နောက်ထပ်တဦးက "ရော်နယ်ဒိုက မော်လ်ဒိုဗာကို သွားကန်ရတော့မယ်၊ ဟဟဟ" လို့ ရေးသားခဲ့ပါတယ်။ နောက်တဦးကလည်း "ကြာသပတေးညတွေမှာ ရော်နယ်ဒိုက မော်လ်ဒိုဗာ၊ ဆိုက်ပရပ်တွေမှာ သွားကစားနေရတော့မှာပဲ" လို့ ပြောဆိုခဲ့ပြီး အကြီးအကျယ်လှောင်ပြောင်ခဲ့ကြပါတယ်။ 

အခြားသောပရိသတ်တွေကလည်း ယူရိုပါလိဂ်မှာ ရော်နယ်ဒို၊ ကက်စ်မဲရိုးနဲ့ ဗာရန်းတို့လို ကစားသမားတွေကို မြင်တွေ့ရမှာဖြစ်လို့ ချန်ပီယံလိဂ်ထက် ပိုပြီးစိတ်ဝင်စားမိနေပြီလို့ ဟာသလုပ်ပြောဆိုခဲ့ကြပါတယ်။ ယူရိုပါလိဂ်မှာမကန်ချင်တဲ့ ရော်နယ်ဒိုအတွက်တော့ ဒီလှောင်ပြောင်မှုတွေက ခါးသီးစရာကောင်းနေမှာတော့ အမှန်ပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က