အာဆင်နယ်တိုက်စစ်ကစားသမားလေး ဆာကာဟာ ဘိုဒိုဂလင့်မ်ကို အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဒီပွဲမှာ အားလုံးပြောစမှတ်ပြုစရာ ကန်ချက်ကိုလည်း ကန်ပြခဲ့ပါသေးတယ်။
ဒီပွဲမှာ ဆာကာရဲ့အဝေးကန်ချက်တကြိမ်က ကွင်းအနီးအနားမှာရှိတဲ့ အိမ်တအိမ်ရဲ့ မီးဖိုချောင်ထဲကို ဘောလုံးဝင်မလိုအထိဖြစ်သွားခဲ့တာပါ။ အဆိုပါအိမ်က ပရိသတ်တယောက်ကလည်း သူ့ရဲ့မီးဖိုချောင်ထဲကနေပဲ နော်ဝေကလပ် ဘိုဒိုဂလင့်မ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်ပွဲစဥ်ကို ကြည့်ရှုနေခဲ့တာဖြစ်ပါတယ်။ ဒီလိုကြည့်နေရင်းနဲ့ပဲ မထင်မှတ်ထားတဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်လိုက်ရတာပါ။
ဆာကာရဲ့ ညာခြေကန်ချက်ဟာ ဂိုးပေါက်နဲ့ တော်တော်လေးလွဲချော်လာပြီး ဒီပရိသတ်ကလည်း သူ့ရဲ့ခေါင်းကိုငုံ့ကာ သူ့ကိုယ်သူ ကာကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဒီဘောလုံးက ဘေးဘောင်တွေကို ထိပြီး ပြန်ထွက်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒီဗီဒီယိုကို BT Sports ကပါ သူတို့ရဲ့ တရားဝင်တွစ်တာအကောင့်မှာတင်ထားခဲ့ပါတယ်။
ယူရိုပါလိဂ်ပွဲစဥ်တွေမှာ အသင်းကြီးတွေအနေနဲ့ အသင်းငယ်တွေရဲ့အိမ်ကွင်းတွေမှာ သွားရောက်ကစားတိုင်း ဒီလိုမျိုးကွင်းဘေးမှာရှိတဲ့ အိမ်တွေကို မြင်ရတဲ့အထိ ဘောလုံးကွင်းတွေက သေးငယ်တာပါ။ အာဆင်နယ်နဲ့ ဘိုဒိုဂလင့်မ်တို့ရဲ့ ဘောလုံးအဆင့်အတန်းကလည်း တော်တော်လေးကို ကွာခြားပါတယ်။
ဆာကာဟာ ဒီပွဲမှာ အာဆင်နယ်အတွက် မိနစ် (၆၀) ဝန်းကျင်အထိ ကစားပေးခဲ့ပြီး အာတီတာက သူ့ကို လူစားလဲအနားပေးခဲ့ပါတယ်။ အာဆင်နယ်ဟာ ယူရိုပါလိဂ်မှာ ကစားပြီးသမျှ ပွဲအားလုံးကို အနိုင်ရရှိခဲ့သလို ပရီးမီးယားလိဂ်မှာလည်း (၉) ပွဲကစား (၈) ပွဲနိုင်ရလဒ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားလျက်ရှိပါတယ်။