ရိုးမားနည်းပြမော်ရင်ဟိုဟာ မနေ့ညက ယူရိုပါလိဂ် ဗိုလ်လုပွဲရဲ့ ဆုပေးပွဲအပြီး သူရရှိခဲ့တဲ့ ဒုတိယဆုတံဆိပ်ကို ပရိသတ်ထဲက ကလေးငယ်တစ်ဦးဆီ ပစ်ပေးသွားခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းတွေအရ သိရှိရပါတယ်။ ဒီပွဲမှာ ရိုးမားက ဆီဗီလာကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ကာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ရိုးမားအနေနဲ့ ဒီဘားလားရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မန်စီနီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် တစ်ဂိုးစီသရေကျခဲ့ပါတယ်။ အဲ့ဒီနောက် နှစ်သင်းလုံး ဂိုးမသွင်းနိုင်တော့ဘဲ ပင်နယ်တီအဆုံးအဖြတ်အထိ ခံယူခဲ့ရတာဖြစ်ပါတယ်။ ပင်နယ်တီမှာတော့ ရိုးမား နောက်ခံလူနှစ်ယောက်ဖြစ်တဲ့ မန်စီနီ၊ အီဘီနက်ဇ်တို့ ဆက်တိုက် ပင်နယ်တီမဝင်ခဲ့ပါဘူး။
အဲ့ဒါကြောင့်လည်း ဆီဗီလာကသာ သူတို့ရဲ့ (၇) ကြိမ်မြောက် ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုအတွက်တော့ ဒီပွဲအရှုံးက သူ့အတွက် ပထမဆုံးသော ဥရောပဗိုလ်လုပွဲအရှုံးဖြစ်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ ရှေ့မှာ ကစားခဲ့တဲ့ ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲတွေမှာ ပွဲတိုင်း အနိုင်ရရှိခဲ့ပြီး မနှစ်ကလည်း ရိုးမားနဲ့အတူ ယူရိုပါကွန်ဖရင့်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
မနေ့ညက ဆုယူအပြီးမှာတော့ မော်ရင်ဟိုက သူရရှိလာတဲ့ ဆုတံဆိပ်ကို ပရိသတ်ကလေးတစ်ဦးထံ ပေးသွားခဲ့ပြီးမှ ဥမင်လိုဏ်ခေါင်းအတွင်း ဝင်ရောက်သွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ယခင်ကလည်း သူရရှိခဲ့တဲ့ ဆုတံဆိပ်ကို အခုလိုမျိုး ကလေးငယ်ပရိသတ်ထံ ပေးခဲ့ဖူးပြီး သူ့ရဲ့အပြုအမူကတော့ ပရိသတ်တွေအတွက် ကျေနပ်နှစ်သက်စရာကောင်းခဲ့ပါတယ်။
ဒါပေမယ့် ပွဲချိန်အတွင်းမှာတော့ မော်ရင်ဟိုကို အင်္ဂလန်လူမျိုး ကွင်းလယ်ဒိုင် အန်သိုနီတေလာက အဝါကတ်ပြခဲ့ရပါသေးတယ်။ ဒီလိုမျိုး အဝါကတ်ပြရတဲ့အကြောင်းရင်းကလည်း ဆီဗီလာ ကစားသမားတစ်ယောက် ဂိုးဧရိယာထဲ လက်နဲ့ထိခဲ့တာကို ကွင်းလယ်ဒိုင်က ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့သလို VAR လည်း ပြန်မကြည့်ခဲ့တာကြောင့် ဖြစ်ပါတယ်။