မနေ့ညက ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ တရားဝင်တွစ်တာအကောင့်မှာ တင်လိုက်တဲ့ပို့စ်တခုက ယူနိုက်တက်ကို လှောင်ပြောင်တာပဲလို့ ပရိသတ်တွေကတွက်ဆပြီး ဝေဖန်နေကြပါတယ်။ ပြီးခဲ့တဲ့ တနင်္လာမှာ ယူနိုက်တက် ကစားသမားအစုံအလင်က ကာရင်တန်လေ့ကျင့်ရေးကွင်းကို လာရောက်သတင်းပို့ခဲ့ပါတယ်။
ရော်နယ်ဒိုမပါဝင်ခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ်၊ မက်ဂွိုင်းရားတို့အပါအဝင် နာမည်ကျော်စီနီယာ ကစားသမားတွေအများအပြား အဲ့ဒီနေ့ကမှ ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်ကို လာရောက်ပူးပေါင်းခဲ့ကြတာဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားတွေ အသင်းကိုရောက်ရှိလာတဲ့ပုံတွေကိုလည်း အသင်းရဲ့တရားဝင်တွစ်တာအကောင့်မှာ တင်ထားခဲ့ပါတယ်။
ဒီအထဲက ဘရူနိုဖာနန်ဒက်စ်ရဲ့ ဓာတ်ပုံကတော့ ကင်မရာကို လက်သီးနဲ့နောက်ပြောင်ချိန်ရွယ်နေခဲ့ပါတယ်။ ဒီပုံက ပုံမှန်အားဖြင့် ဘာမှပြောစရာမဖြစ်ခဲ့ပေမယ့် ယူရိုပါလိဂ်ရဲ့တရားဝင်တွစ်တာအကောင့်က ဘရူနိုဖာနန်ဒက်စ်ရဲ့ ဓာတ်ပုံကို ပြန်တင်ကာ “ရာသီကြိုကာလစတင်ပြီ” လို့ ရေးသားထားခဲ့ပါတယ်။ ဒါဟာ လာမယ့်ရာသီချန်ပီယံလိဂ်နဲ့ လွဲချော်ပြီး ယူရိုပါလိဂ်ကို ပြောင်းရွှေ့လာတဲ့ ယူနိုက်တက်ကို လှောင်ပြောင်တယ်လို့ ပရိသတ်တွေကဆိုနေကြပါတယ်။
လက်ရှိအခိုက်အတန့်မှာလည်း ယူနိုက်တက်ရဲ့ အဓိကတိုက်စစ်မှူးကြီး ရော်နယ်ဒိုက ချန်ပီယံလိဂ်ကစားချင်တာကြောင့် အသင်းကနေထွက်ခွာဖို့ တောင်းဆိုထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီလိုအချိန်မျိုးမှာမှ ယူရိုပါလိဂ်ရဲ့ ယူနိုက်တက်အပေါ် လှောင်ပြောင်မှုက ယူနိုက်တက်ပရိသတ်တွေအတွက် တော်တော်လေးကို ထိခိုက်နာကျင်စရာကောင်းခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေက “ဒါက ယူနိုက်တက်ပရိသတ်တွေကို လှောင်ပြောင်ဖို့ ရည်ရွယ်လိုက်ပုံ မပေါ်ပါဘူး။ ဒါပေမယ့် ပရိသတ်တွေက ဒီလိုဖြစ်အောင် ဆွနေကြတာပါ” “တကယ့်ကိုအကြီးအကျယ် လှောင်ပြောင်လိုက်တာပဲ” “အက်ဒ်မင်တယောက် သူ ဘာလုပ်လိုက်လဲဆိုတာ သူသိမှာပါ” “ဒါကို အကောင့်တုလို့ထင်နေတာပါ။ ဒါပေမယ့် မဟုတ်ခဲ့ပါဘူး” “လူတိုင်းက ဒါကိုအကောင့်တုလို့ထင်ကြမှာမဟုတ်ပါဘူး။ ဟုတ်တယ်မဟုတ်လား” လို့ အမျိုးမျိုးမှတ်ချက်ပြုခဲ့ကြပါတယ်။