တစ်ဦးနဲ့တစ်ဦး ဘော်ဒီအချိုးအစားတွေ၊ မတူညီတဲ့ဖက်ရှင်စတိုင်တွေ ရှိနေသည့်တိုင်အောင် ဒီ ၁ဝချက်က ကိုယ့်ကိုစတိုင်ကျအောင် အထောက်အကူပြုမယ်ဆိုတာ သေချာပါတယ်။

ဖက်ရှင်ရေစီးကြောင်းတွေ ဘယ်လိုပဲပြောင်းလဲနေပါစေ၊ မဒီတို့အနေနဲ့ ထသွားထလာကနေစပြီး ပွဲတက်အထိ ကိုယ်ဆင်မြန်းထားတဲ့ အဝတ်အစား၊ ဖက်ရှင်နဲ့ပတ်သက်ပြီး စတိုင်ကျနေစေဖို့အတွက် လိုက်နာကျင့်သုံးသင့်တဲ့ အချက်ကလေးတွေ ရှိနေပါတယ်။ မဒီတို့ဟာ တစ်ဦးနဲ့တစ်ဦး ဘော်ဒီအချိုးအစားတွေ၊ မတူညီတဲ့ဖက်ရှင်စတိုင်တွေ ရှိနေသည့်တိုင်အောင် ဒီ ၁ဝချက်က ကိုယ့်ကိုစတိုင်ကျအောင် အထောက်အကူပြုမယ်ဆိုတာ သေချာပါတယ်။ ဒီတော့ အဲ့ဒီအချက် (၁၀) ချက်က ဘာတွေဖြစ်မလဲ ကြည့်လိုက်ကြရအောင်။

(၁) အဝတ်အစားကို ကြိုတင်စီစဉ်ထားခြင်း



မဒီတို့အနေနဲ့ ထသွားထလလာ၊ ရုံးသွားရုံးပြန်ကစလို့ ပွဲတက်အထိ ကိုယ်သွားမယ့်နေရာ၊ ပွဲအခမ်းအနား စတာတွေအတွက် အဝတ်အစားကို အမြဲကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်။ ပွဲအတွက်ဆိုရင် တစ်ပတ်လောက် အနည်းဆုံး ကြိုတင်ပြင်ဆင်ရမှာဖြစ်သလို ထသွားထလာပုံမှန်အတွက်ဆိုရင်တောင် တစ်ညကြိုပြီး စဉ်းစားထားသင့်ပါတယ်။ ဒီလိုဆိုရင် သွားခါနီးမှ အဝတ်အစားတွေ မွှေနှောက်ရှာရတဲ့ပြသနာလည်း ဖြေရှင်းပြီးသွားဖြစ်သွားမှာ ဖြစ်သလို ကိုယ့်ဖက်ရှင်နဲ့ပတ်သက်ပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေမှာပါ။

(၂) ကိုယ့်ရဲ့ personal style ကို သိအောင်လုပ်ထားခြင်း



ကိုယ်ဝတ်မယ့်ဖက်ရှင်စတိုင်က ဘယ်လိုမျိုးလဲ သိအောင် လုပ်ထားဖို့ဟာ အရေးကြီးတဲ့အချက်ပါ။ ကိုယ်က မိန်းကလေးဆန်ဆန်စတိုင်မျိုးလား၊ ယောက်ျားလေးပုံစံဝတ်မှာလား၊ Bohemian လိုပုံစံမျိုးလေးတွေ ဝတ်မှာလား၊ ရော့ခ်ဆန်ဆန်လား စသဖြင့် ကိုယ့်စတိုင်က ဘာလဲဆိုတာသိအောင်လုပ်ရင်း ကိုယ်ဝတ်မယ့် အဝတ်အစားကို တွဲစပ်ရမှာဖြစ်ပါတယ်။

(၃)တွဲစပ်မှု အဝတ်အစားနဲ့ accessory တွေကို လိုက်ဖက်အောင် ပြင်ဆင်ထားခြင်း



မဒီတို့ ဘာဝတ်ဝတ် ကိုယ်ဝတ်မယ့်အဝတ်အစားအရောင်နဲ့ ဖိနပ်အရောင်ကို ဆင်တူ ဝတ်တာမျိုး၊ ခါးပတ်နဲ့ဖိနပ်ရောင်ကို ဆင်တူဝတ်တာမျိုး၊ အိတ်အရောင်ကို အင်္ကျီရောင်နဲ့ တူအောင်ရွေးချယ် ဝတ်တာမျိုးလေးတွေ လုပ်သင့်ပါတယ်။ ဒါ့အပြင် hardware ပိုင်းလို့ပြောရမယ့် နားကပ်ကရွှေရောင်ဆို၊ လက်စွပ်ကိုရွှေရောင်ဆင်တူ ဆင်မြန်းတာမျိုး၊ နားကပ်ကရွှေရောင်မို့ အိတ်ကလွယ်ကြိုးက ရွှေရောင်ရွေးတာမျိုး၊ ဖိနပ်က bucket ကွင်းကအစ ရွှေရောင်ရွေးတာမျိုး အသေးစိတ်နိုင်လေ ပိုကောင်းလေပါ။

(၄) ဝတ်စုံကို ဘယ်အရာက ပိုထူးခြားအောင် ပံ့ပိုးနိုင်မလဲသိအောင်လုပ်ခြင်း

ကိုယ့်ဖက်ရှင်ကို ဘယ်အရာက ဘယ်ထူးခြားသွားစေမလဲဆိုတဲ့အချက်ကလည်း အရေးကြီးပါတယ်။ ဥပမာ ကိုယ်က tee နဲ့ ဂျင်းဘောင်းဘီတွဲဝတ်ထားလို့ မထူးခြားဘူး၊ ရိုးတယ်လို့ ခံစားမိရင် အပေါ်ကနေ Long coat တွေ၊ jacket လေးတွေ၊ Cardigan စတာလေးတွေ ထပ်ဖြည့်စွက်ပြီး ပြီးပြည့်စုံအောင် ပြင်ဆင်လိုက်ပါ။

(၅) သွားမယ့်ခရီးအတွက် ဘာဝတ်မယ်ဆိုတာ theme တစ်ခုပြင်ဆင်သွားခြင်း

ခရီးသွားမယ်ဆိုရင် ခရီးတစ်ခုလုံးကို ဘယ်လိုအင်္ကျီ ၊ အဝတ်အစားလေးတွေ ဝတ်မယ်ဆိုတာမျိုး ကြိုပြင်ဆင်နိုင်လေ ကောင်းလေပါ။ ဒါမှမဟုတ်လည်း ကိုယ်လက်ရှိကြိုက်နေတဲ့ အရောင်တွေချည်း ဒီခရီးစဉ်တစ်ခုလုံးဝတ်မလား၊ ဝတ်နေကျမဟုတ်တဲ့ dress လေးတွေ ပြောင်းပြီးဝတ်မလား စသဖြင့်ပေါ့လေ။ ကိုယ်သွားမယ့်နေရာကိုလိုက်ပြီး အလိုက်ဖက်ဆုံးနဲ့ အထူးခြားဆုံးဖြစ်အောင် ကြိုတင်စီစဉ်ပါ။

(၆) ပွဲတက်အတွက် ပွဲအခြေအနေကိုကြည့်ပြီး အဝတ်အစားစီစဉ်ခြင်း

ခုဆိုရင် ပွဲကိုဘယ်လိုမျိုးဝတ်လာရမယ်ဆိုတာမျိုးတွေ ကြိုပြောတာကြောင့် ပြင်ဆင်ရတဲ့အပိုင်းက သိပ်အခက်အခဲကြီး မဟုတ်ပေမယ့် တအားကြီး ပြောင်ပြောင်လက်လက် မဝတ်သင့်ဘဲ ဝတ်သွားတာမျိုး၊ တအားရိုးရှင်းစွာပြင်ဆင်သွားတာမျိူးတွေ မဖြစ်ရအောင် ကိုယ့်အနေနဲ့အဆင်အပြေဆုံးဖြစ်စေမယ့် ပွဲတက်ဝတ်စုံကို စဉ်းစားဖို့လိုအပ်ပါတယ်။

(၇)ဖက်ရှင်အတွက် လိုအပ်မယ့် အဆင်တန်ဆာတွေကို စုဆောင်းထားခြင်း

ကိုယ့်ဖက်ရှင်ကို အထောက်အကူပြုနိုင်မယ့် ဦးထုပ်ပုံစံလေးတွေ၊ ကျောပိုးအိတ်လေးတွေ စသဖြင့် ကိုယ့် Lifestyle ပေါ်မူတည်ပြီး စုဆောင်းထားနိုင်မယ်ဆိုရင် လိုအပ်တဲ့အချိန် ကောက်ပြီးဆင်မြန်းသွားရုံပါပဲ။ ဒါ့ကြောင့် အများကြီး မဟုတ်တောင် ပိုက်ဆံအိတ်၊ ဦးထုတ်၊ ခါးပတ်၊ ကျောပိုးအိတ်၊ ဖိနပ်စတာတွေကတော့ တစ်ယောက်မှာ အမျိုးအစားတစ်ခုစီကို အနည်းဆုံး သုံးလေးမျိုးရှိသင့်ပါတယ်။

(၈) ကိုယ့်ဝတ်ပုံစားပုံရဲ့ ထူးခြားမှုကိုသိအောင်လုပ်ခြင်း

အဝတ်အစား ဝတ်တဲ့အခါ ကိုယ်က တီရှပ် ဒါမှမဟုတ် ရှပ်အကျီလေးတွေကို လက်ခေါက် ဝတ်တတ်တာမျိုးလား၊ ဒါမှမဟုတ် ခါးကို အမြဲစည်းဝတ်တာမျိုးလား၊ ဘောင်းဘီထဲ အကျီစကို ထည့်ဝတ်တတ်တာမျိုးလား၊ ဖိနပ်စီးတဲ့အခါ ခြေအိတ်လေးတွေပေါ်အောင် ဝတ်တတ်တာမျိုးလား စသဖြင့် သူများနဲ့မတူတဲ့ ကိုယ့်ရဲ့ဝတ်စားပုံ signature ကို အမြဲထိန်းသိမ်းပါ။

(၉) ကိုယ့်အတွက်ဘာလိုအပ်တယ်၊ ဘာဝယ်သင့်တယ်ဆိုတာကို အမြဲစိတ်ထဲသွင်းထားခြင်း

အဝတ်အစားဝယ်မယ်၊ ရှော့ပင်ထွက်မယ်ဆိုရင် ဘာဝယ်ရမလဲလျှောက်ရှာတာထက်စာရင် ကိုယ့်အတွက်ဘာလိုအပ်တယ်၊ ဘာဝယ်သင့်တယ်ဆိုတာကို ခေါင်းထဲထည့်ထားပြီး အဲဒါကိုတန်းရှာသင့်ပါတယ်။ ဆိုလိုချင်တာက ဆိုင်ထဲဝင်သွားပြီး ရှိနေတဲ့ အဝတ်အစားတွေကြား လိုက်ကြည့်ပြီးမှ ဘာဝယ်ရင်ကောင်းမယ်စဉ်းစားတာထက်၊ လိုချင်တာကို ခေါင်းထဲထည့်ထားပြီး ရှာတာပိုအဆင်ပြေစေပါတယ်။

(၁၀) ဝတ်နေကျမဟုတ်တဲ့အရောင်လေးတွေ တစ်ခါတလေဝတ်ဆင်ခြင်း

ကိုယ်ကအဖြူအနက်ချည်းပဲ ဝတ်နေကျမို့၊ အညိုနဲ့အရောင်မွဲမွဲလေးတွေပဲ ဝတ်နေကျမို့ ကိုယ့်ဘာသာကိုယ်ပျင်းလာတယ်လို့ ခံစားရရင် ဝတ်နေကျမဟုတ်တဲ့ အရောင်လေးတွေ တစ်ခါတလေ ဝတ်ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

ဒီအချက်(၁၀)ချက်က မဒီတို့ကို အရင်ထက်ပိုစတိုင်ကျအောင် ကူညီပေးနိုင်မှာပါ။ ကိုယ့်အနေနဲ့ ထပ်ပြီး လုပ်ဆောင်နိုင်တဲ့အရာကတော့ ကိုယ်နဲ့စတိုင်လ်တူပြီး ဖက်ရှင်ကျကျဆင်မြန်းတတ်တဲ့ ဖက်ရှင်ဘလော့ကာ၊ အနုပညာရှင်၊ မော်ဒယ်စတဲ့သူတွေကိုလည်း အမြဲမပြတ်စောင့်ကြည့်နေဖို့ပါပဲ။ Instagram တို့ Pinterest တို့မှာ ကိုယ်သဘောကျတဲ့ ဖက်ရှင်ကျကျဝတ်တတ်သူတွေကို Follow လုပ်ထားဖို့ မမေ့ပါနဲ့။ ဖက်ရှင်ကို စိတ်ဝင်စားတဲ့သူ၊ ဖက်ရှင်ကျကျ ဆင်မြန်းချင်တဲ့သူတွေအတွက် ဒီအချက်လေးတွေက အသက်ပါပဲ။

Share

Loading Next Article...
က္က