ဟဲဗီးဖြိုးကတော့ ငယ်ငယ်က အနုပညာအလုပ်တွေ အတူတူလုပ်ခဲ့ဖူးတဲ့ သူငယ်ချင်း ယွန်းယွန်းနဲ့ ဇာတ်ကားတွေ ရိုက်ချင်သေးတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။
photo: heavy phyo
ဟဲဗီးဖြိုးဟာ သရုပ်ဆောင် အလုပ်တွေ ပြန်လည် လုပ်ကိုင်လာတဲ့ အချိန်မှာ ငယ်ငယ်က ဇာတ်ကား အတူတူရိုက်ခဲ့ဖူးတဲ့ ယွန်းယွန်းနဲ့ အမှတ်တရတွေကို ပြောလာပါတယ်။ သူမ နဲ့လည်း ဇာတ်ကားတွေမှာ ပြန်ဆုံချင်သေးတယ်လို့ Duwun ကို အခုလို ပြောခဲ့ပါတယ်။
“ သူနဲ့အတူတွဲပြီး ကားရိုက်ပြန်ဆုံချင်တာတွေ ရှိတာပေါ့။ ကျွန်တော်ရိုက်ချင်တဲ့ ပုံစံထက်စာရင် ကျွန်တော်တို့ကို ရိုက်ပေးမယ့်လူရဲ့ အိုင်ဒီယာ နဲ့ သွားရင် ပိုကောင်းမယ်ထင်တယ်။ အနုပညာမောင်နှမ တွေဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက်က အရမ်း သူစိမ်းမဆန်ပါဘူး။ ဒါပေမယ့် ဇာတ်ကားနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင်ရတာမျိုးတွေတော့ မရှိဘူးပေါ့” လို့ သူက ဆိုပါတယ်။
photo: heavy phyo
ဟဲဗီးဖြိုးနဲ့ ယွန်းယွန်းတို့ကို ကလေးသရုပ်ဆောင် အဖြစ် နောက်ဆုံးတွေ့ခဲ့ရတာကတော့ " ကျွန်မက နှင်းဆီပါ မောင်" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ကူးပြီးသွားတဲ့ နောက်မှာတော့ ပညာရေးအလုပ်တွေကြောင့် မဆုံဖြစ်ကြတော့ဘူးလို့ ဟဲဗီးဖြိုးက ဆိုပါတယ်။
“ သူ့ရဲ့ မွေးနေ့ကို တစ်ခါသွားဖြစ်သေးတယ်။ အဲဒီတုန်းကပဲ ဆုံဖြစ်ကြတာ။ ကျန်တဲ့ အချိန်တွေက သိပ်ပြီးတော့ မဆုံဖြစ်ကြပါဘူး။ ဟိုတုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် ကျွန်တော်ကပဲ စတာများတယ်။ သူက ငယ်လည်း ငယ်တော့ ကိုယ်စသမျှကို ရယ်နေတာလောက်ပဲ။ သူက ရှက်လည်း ရှက်တတ်တယ်။ အခုဆို အရွယ်ရောက်လာကြပြီဆိုတော့ ငယ်ငယ်တုန်းကလောက် မဟုတ်တော့ဘူး။ မေး ထူး ခေါ်ပြောလောက်ပါပဲ” လို့ ဆက်လက်ပြောပြလာပါတယ်။
photo: heavy phyo
ဟဲဗီးဖြိုးဟာ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ အောင်မြင်မှု မှတ်တိုင်ရရှိပြီးသား သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကား တွေနဲ့ တီဗီကြော်ငြာတွေလည်း အများကြီးရိုက်ကူးခဲ့ဖူးပါတယ်။ ပရိသတ်ရင်ထဲကို ထိမှန်စေခဲ့တဲ့ ကာရိုက်တာကတော့ ဇော်ဂျီ ဇာတ်ကားနဲ့ ကျွန်မ နှင်းဆီပါ မောင် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။