၂၀၁၀ ပြည့်နှစ်မှ စတင်၍ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် နှစ်စဉ် မပြတ် ကျင်းပလာခဲ့သော BarCamp Yangon (ဘားကမ့်ရန်ကုန်) သည် ၂၀၁၉ ခုနှစ်တွင် တစ်ဆယ်နှစ် ပြည့်မြောက်တော့မည် ဖြစ်သည်။ ဘားကမ့်ရန်ကုန်အား ဘားကမ့်တက်ရောက်ဆွေးနွေးသူများ ပါဝင်ဖွဲ့စည်းထားသော BarCamp Yangon Organizer Team က ဦးဆောင် ကျင်းပလျက်ရှိပြီး လာမည့် ဘားကမ့် အတွက်လည်း ၂၀၁၈ခုနှစ် အောက်တိုဘာလမှ စတင်ကာ Organizer Meeting များ ပုံုမှန် ပြုလုပ်လျက်ရှိသည်။
ယခုနှစ် ဘားကမ့်ရန်ကုန်ကို ၂၀၁၉ ဇန်နဝါရီ ၂၆ ရက်နေ့နဲ့ ၂၇ ရက်များတွင် လှိုင်တက္ကသိုလ်များ နယ်မြေရှိ MICT Park တွင် မနက် (၈) နာရီမှ ညနေ (၅) နာရီထိ ကျင်းပသွားမည်ဖြစ်ပြီး မကြာခင် အသေးစိတ်အချက်အလက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဘားကမ့်ရန်ကုန် အော်ဂနိုက်ဇာအဖွဲ့က ထုတ်ပြန်ထားသည်။
ယခုနှစ်တွင်လည်း ဘားကမ့်ဆိုသည့် မူအတိုင်း မည်သူမဆို အခမဲ့ လာရောက်ဝေမျှနိုင်ပြီး မည်သူမဆို အခမဲ့ တက်ရောက် ဆွေးနွေးနိုင်ပါသည်။ ဘားကမ့်ရန်ကုန်သည် အာရှတွင်သာမက တစ်ကမ္ဘာလုံးတွင် ကိုးကြိမ်တိတိ အကြီးဆုံး ဘားကမ့်အဖြစ် စံချိန်တင်ထားခဲ့ပြီး ဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ လူငယ်များ၏ ပါဝင်ဆင်နွှဲမှုကြောင့် ယခုအခါတွင် ဘားကမ့် ယဉ်ကျေးမှုသည် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ပြီး နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ အပြင် မြို့ပေါင်း (၁၅)မြို့တွင် ဘားကမ့်များ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် တစ်နှစ်အတွင်း ဘားကမ့် တစ်ဆယ်ခုအထက် ကျင်းပလျက်ရှိပြီး ကမ္ဘာပေါ်တွင် အကြိမ်ရေအားဖြင့် ဒုတိယအများဆုံး ကျင်းပသော နိုင်ငံဖြစ်သည်။