မိဘတွေက နားလည်ပေးပါတယ်။

ဆောင်းယွန်းစံဟာ သစ်သီးတွေကို ကြောက်တတ်တဲ့ စိတ်က ငယ်ငယ်ကတည်းက ရှိခဲ့တာလို့ ဆိုပါတယ်။ 

Photo: Saung Yoon San



သရုပ်ဆောင် ဆောင်းယွန်းစံကတော့ သူမ အကြောက်ဆုံးအရာက သစ်သီးတွေဖြစ်တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကတည်းက သစ်သီးတွေကို မကြိုက်ခဲ့တာလို့လည်း Duwun ကို ပြောပြလာပါတယ်။ 

“အသီးကြောက်တယ် ဆိုတာက ဆောင်း ငယ်ငယ်လေးကတည်းက အရမ်းကြောက်တာ။ ဘာဖြစ်လို့ ကြောက်သလဲ ဆိုတာကိုယ့်ကိုယ်ကိုယ်လည်း မသိဘူူး။ မိဘတွေကလည်း မသိခဲ့ဘူး။ ငယ်ငယ်တုန်းကတော့ မစားဘူးလို့ပဲ ထင်ခဲ့ကြတာပေါ့နော်။ တကယ်တမ်း အရွယ်ရောက်လာတဲ့ အချိန်မှာ အရမ်း ခါးခါးသီးသီးဖြစ်တယ်။ အိမ်ကလည်း အတင်းကျွေးတယ် မစားဘူး။ နောက်တော့လည်း မိဘတွေလည်း ကိုယ့်ကို နားလည်ပေးခဲ့ပါတယ်” ဆိုပြီးတော့ ဇွန်လ (၁) ရက်နေ့က ရန်ကုန်ဆေးရုံကြီးရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: HSU

ဆောင်းယွန်းစံဟာ အသီးအနှံတွေနဲ့ ပတ်သက်ပြီး သူမရဲ့ ကြောက်တဲ့စိတ်ကို ဆရာဝန်နဲ့ မတိုင်ပင်ကြည့်သေးပါဘူးတဲ့။ အနုပညာညီအစ်မ တစ်ဦးဖြစ်တဲ့ ခင်သဇင်ရဲ့ အကူအညီနဲ့ သူမလိုပဲ အသီးကြောက်တတ်တဲ့သူတွေ ရှိတာကိုလည်း သိခွင့်ရခဲ့တယ်လို့ သူက ဆိုပါတယ်။ 

“ကိုယ်မှတ်မိသလောက်ပြောရရင် မွေးကတည်းက အသီးမစားခဲ့တာ။ ထမင်းဝိုင်းမှာ သရက်သီး ရှိနေတုန်းကဆို ဆောင်း ထမင်းမစားဘူး။ အနံ့လည်း မခံနိုင်ဘူး။ အဲဒီတုန်းက ကြောက်လို့ ကြောက်မှန်း လည်း ဆောင်း တကယ်မသိခဲ့ဘူး။ ဆရာဝန်နဲ့ တိုင်ပင်ရကောင်းလား မကောင်းလား ဆိုတာလည်း သေချာ နားမလည်ဘူး။ မမခင်သဇင်က ဆောင်းအတွက်ဆိုပြီးတော့ Google ကနေ ရှာပေးပြီး ပြောပြတယ် ဒီလိုရောဂါမျိုး သီးသန့်ရှိတယ်ပေါ့နော်။ တချို့က အသီးတစ်မျိုးပဲ ကြောက်တာ၊ ဆောင်းက အသီးအကုန်လုံးကို ကြောက်တာ” လို့ ဆိုပါတယ်။ 

Photo: Saung Yoon San

အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ဇာတ်ကားရိုက်ကူးမှုတွေမှာ သစ်သီးတွေနဲ့ ပတ်သက်ပြီး အတုလုပ်ခဲ့ရတာတွေ ရှိတဲ့အကြောင်းကိုလည်း ဆောင်းယွန်းစံက ပြောပြခဲ့ပါသေးတယ်။ 

“ဆောင်းက ခုံပေါ်မှာ အသီးရှိနေရင် မစားတော့တာ၊ အော်တာ၊ ထထွက်သွားတာတွေရှိတယ်။ ဒါက တစ်ဖက်လူအတွက်တော့ မကောင်းဘူးပေါ့နော်။ ကိုယ်စားတဲ့ အစားအစာကို တခြား တစ်ယောက်က အဲဒီလိုကြီးဖြစ်နေရင် မကြိုက်ဘူးပေါ့နော်။ ဆောင်း တောင်ကြီးမှာ ဇာတ်ကားသွားရိုက်တုန်းက စပျစ်သီးစားရမယ့် ဇာတ်ဝင်ခန်းအတွက် ဆောင်းရဲ့ ညီမလေးက ဈေးထဲသွားပြီး စပျစ်သီး အတုတွေ သွားဝယ်ပြီးတော့ ရိုက်ရတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: RBV

ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က