ကမ္ဘာကျော် သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ ဘီဘီစီဟာ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌရာထူးကနေ နှုတ်ထွက်လိုက်ရတဲ့ ရူဘီရာလက်စ်ရဲ့ သတင်းကို ဖော်ပြချိန်မှာ အမှားအယွင်းတစ်ခုကို ကျူးလွန်မိခဲ့ပါတယ်။ ဒါကတော့ ရူဘီရာလက်စ်ရဲ့နေရာမှာ မန်စီးတီးနဲ့ အာဂျင်တီးနားနောက်ခံလူဟောင်းကြီး ဇာဘလက်တာရဲ့ပုံကို မှားယွင်း အသုံးပြုခဲ့တာပါ။
ရူဘီရာလက်စ်ဟာ အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး ဗိုလ်စွဲသွားတဲ့ သူ့စပိန်အမျိုးသမီးအသင်းကို ဆုချီးမြှင့်နေချိန်မှာ ဟာမိုဆိုကို နှုတ်ခမ်းချင်း တေ့နမ်းခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့်လည်း ရူဘီရာလက်စ်ကို ဝေဖန်မှုတွေပြင်းထန်ခဲ့ပြီး အကျိုးဆက်ကတော့ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌရာထူးကို စွန့်လွှတ်လိုက်ရပါတယ်။
ဒါ့အပြင် ရူဘီရာလက်စ်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုနဲ့ စုံစမ်းစစ်ဆေးနေကြောင်းလည်း သတင်းတွေက ဖော်ပြနေပါတယ်။ ဒီလိုမျိုး ရူဘီရာလက်စ်ရဲ့ သတင်းကို တင်ဆက်တဲ့နေရာမှာ ဘီဘီစီက ရူဘီရာလက်စ်နဲ့ ရုပ်ချင်းဆင်တဲ့ ဇာဘလက်တာရဲ့ ဓာတ်ပုံနဲ့ မှားယွင်းဖော်ပြခဲ့တာပါ။
ပြီးခဲ့တဲ့ ဘောလုံးရာသီ မစတင်ခင် ပရီးမီးယားလိဂ်က ကစားသမားတစ်ယောက်ရဲ့ မုဒိမ်းမှုသတင်းကို ဖော်ပြခဲ့ချိန်မှာလည်း သတင်းဌာနတစ်ခုက ချဲလ်ဆီးတိုက်စစ်ကစားသမား စတာလင်ရဲ့ပုံကို မှားယွင်းဖော်ပြခဲ့ဖူးပါတယ်။ ရူဘီရာလက်စ်ကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး ဝေဖန်သူတွေကိုလည်း ခွန်းတုံ့ပြန်ထားပါတယ်။
ဒါ့အပြင် ရူဘီရာလက်စ်ရဲ့မိခင် အိန်ဂျယ်လိစ်ဘီဂျာကလည်း သူ့သားအပေါ် လူတွေရဲ့ ဆက်ဆံပုံကို ဆန့်ကျင်တဲ့အနေနဲ့ အစာမစားဘဲ အငတ်ခံဆန္ဒပြနေကြောင်း သိရှိရပါတယ်။ ရူဘီရာလက်စ်ဟာ အရင်ကလည်း အမျိုးသမီးအသင်းက ကစားသမားတွေရဲ့ အတွင်းခံအရောင်တွေကို မေးမြန်းတာလိုမျိုး လုပ်ရပ်တွေကိုလည်း ကျူးလွန်ခဲ့ဖူးကြောင်း သတင်းအချို့က ဖော်ပြထားပါတယ်။