ဘာစီလိုနာအသင်းဟာ ယခုနွေရာသီမှာ ၎င်းတို့ရဲ့ အဓိကကြယ်ပွင့်ကစားသမားတွေထဲက တစ်ဦးကို ရောင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပြီး လီဗာပူးလ်နဲ့ မန်ယူနိုက်တက်တို့အတွက် အားတက်စရာအပြောင်းအရွှေ့သတင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

လာလီဂါအမှတ်ပေးဇယား ဦးဆောင်သူတွေဟာ ဘဏ္ဍာရေးပြဿနာနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပြီး ၎င်းတို့ရဲ့ ကြီးမားတဲ့ လစာပေးချေနေရတဲ့ ပမာဏကို လျှော့ချနိုင်ဖို့အတွက် ကြယ်ပွင့်ကစားသမားအများအပြားကို မဖြစ်မနေ ရောင်းထုတ်ရမှာ ဖြစ်ပါတယ်။ အဲဒါက ဥရောပတလွှားက ကလပ်အသင်းတွေအတွက် အချက်ပေးသံဖြစ်လာခဲ့ပြီး ဘာစီလိုနာအသင်းဆီကနေ အရည်အသွေးရှိတဲ့ ကြယ်ပွင့်ကစားသမားတွေကို အောက်စျေးနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးက လက်လွှတ်မခံနိုင်စရာကိစ္စဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်း ရောင်းချနိင်ခြေရှိတဲ့ ကစားသမားတွေထဲမှာ တောင်ပံကြယ်ပွင့် အန်ဆူ ဖာတီလည်း အပါအဝင်ဖြစ်ပြီး စပိန်သတင်းဌာန Sport ရဲ့ ဖော်ပြချက်အရ စပိန်ကြယ်ပွင့်ကို ပေါင် ၅၃ သန်းလောက်နဲ့ ခေါ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ကလည်း အသက် ၂၀ အရွယ် ကစားသမားကို ခေါ်ယူဖို့အတွက် တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေဖွယ်ရှိပြီး ပြီးခဲ့တဲ့လမှာ ၂ သင်းစလုံးက ကစားသမားနဲ့ အဆက်အသွယ်ပြုလုပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဘာစီလိုနာနည်းပြ ဇာဗီဟာ ရှေ့မှာ တက်လမ်းတွေ အများကြီးရှိနေသေးတဲ့ အန်ဆူ ဖာတီကို အသင်းမှာ ဆက်လက်ရှိနေစေချင်တာဖြစ်​ပြီး ပြီးခဲ့တဲ့လက မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့မှာကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ အန်ဆူ ဖာတီဟာ ဘာစီလိုနာရဲ့  မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ် ၂ ကျော့စလုံးမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ပွဲစဉ်အပေါ်မှာ အကျိုးသက်ရောက်မှု မပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ပယ်ဒရီ၊ ဂါဗီတို့နဲ့အတူ ပြီးခဲ့တဲ့ နွေရာသီမှာ လိဒ်စ်ယူနိုက်တက်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ရာဖင်ညာဟာ ညာတောင်ပံမှာ ပိုမို ကစားချင်ခဲ့တာကြောင့် အန်ဆူ ဖာတီဟာ ဘာစီလိုနာပွဲထွက်လူစာရင်းထဲမှာ နေရာမရဖြစ်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဇာဗီက အန်ဆူ ဖာတီရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စကားပြောဆိုခဲ့ရာမှာ “ဟင့်အင်း ဟင့်အင်း။ သူ့အတွက် အရာအားလုံးက အလုပ်ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ စိတ်ရှည်သည်းခံရမှာပါ။ အန်ဆူက အသင်းအတွက် ထူးခြားဆန်းကြယ်တဲ့ ကစားသမားပါ။ သူ့ကို ကျွန်တော်တို့ အများကြီး ယုံကြည်မှုရှိပါတယ်။ သူက အရမ်းကောင်းကောင်း အလုပ်လုပ်နေတယ်။ ကျွန်တော် သူ့ရဲ့ လေ့ကျင့်ရေးက ကြီးမားတဲ့ စိတ်ဓာတ်ပိုင်းနဲ့ပတ်သက်ပြီး အရမ်းပျော်ရွှင်မိပါတယ်။ ဒါပေမယ့် စိတ်ရှည်သည်းခံရမှာပါ။ သူက အသက် ၂၀ ပဲရှိသေးပြီး အချိန်လိုပါတယ်။ ကျန်တဲ့လူတွေ အားလုံးအတိုင်းပါပဲ။ အရာအားလုံးက သူ့အတွက် အလုပ်ဖြစ်လာပါလိမ့်မယ်။ အခုတော့ ရောင်းချဖို့အတွက် ပြောရမယ့် အချိန်မဟုတ်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က