ဒီပွဲမတိုင်ခင်မှာ ဇာဗီက ရက်ရှ်ဖို့ဒ်ကို အန္တရာယ်အကြီးမားဆုံး ယူနိုက်တက်ကစားသမားလို့ ညွှန်းဆိုခဲ့ပါတယ်။ တကယ်တမ်းကစားခဲ့ချိန်မှာလည်း ရက်ရှ်ဖို့ဒ်က ဘာစီလိုနာကို အခက်တွေ့အောင် လုပ်နိုင်ခဲ့ကာ ယူနိုက်တက်တို့ နောက်တဆင့်ကို တက်ရောက်စေမယ့် မျှော်လင့်ချက်တွေကို ယူဆောင်ပေးခဲ့ပြီး သူ့ကို ဇာဗီက ဘာလို့ထိတ်လန့်နေရလဲဆိုတာကို ခြေစွမ်းနဲ့ သက်သေပြသွားခဲ့ပါတယ်။
ထုံးစံအတိုင်း ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှုအသာရတယ်၊ ကစားကွက်အသာနဲ့ ကစားနိုင်တယ်ဆိုပေမယ့် ယူနိုက်တက်ရဲ့ တိုက်စစ်ဆင်မှုတိုင်းကို သတိကြီးကြီးထားခဲ့ရပါတယ်။ ပွဲချိန် နာရီဝက်လောက်အထိ ဘာစီလိုနာက အသာစီးရခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ အပြန်အလှန်ထိုးဖောက်မှုတွေကို ယူနိုက်တက်လုပ်နိုင်ခဲ့ပြီး ဘာကာခံစစ်ကို ဖိအားတွေပေးနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ တဦးချင်းအမှားတွေသာ မရှိခဲ့ဘူးဆိုရင် ဒီပွဲက သူတို့အတွက် ပိုလို့တောင်မှ ကောင်းခဲ့ဦးမှာပါ။ ဘာစီလိုနာက အိမ်ကွင်းမှာ သူတို့ကစားနေကျအတိုင်း ကစားနိုင်ခဲ့ပေမယ့် ယူနိက်တက်က ခပ်ရဲရဲဝင်ထွက်ဖျက်ထုတ်မှုတွေကြောင့် တိုင်ပတ်သွားခဲ့ပြီး ပီဒရီဆို လူစားလဲရတဲ့အထိဖြစ်ခဲ့လို့ ဇာဗီ သွေးတက်နေခဲ့ရပါတယ်။ ပထမပိုင်းမှာတော့ အခွင့်အရေးတွေ ကိုယ်စီရပေမယ့် အသုံးမချနိုင်ခဲ့လို့ ဂိုးမရှိသရေသာဖြစ်ခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ ဂိုးတွေစမြင်ခဲ့ရပြီး အလွန်ဆိုက ထောင့်ကန်ဘောကနေ ခေါင်းတိုက်ဂိုးသွင်းပြီး ဘာကာကို ဦးဆောင်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီဂိုးက သိပ်ကြာကြာမခံလိုက်ဘဲ ရက်ရှ်ဖို့ဒ်က ဖရက်ဒ်ရဲ့ ဖန်တီးပေးမှုကနေ တာစတီဂန်ပိတ်ထားတဲ့ ထောင့်ကျဉ်းထဲ ကန်ထည့်ပြီး ချေပခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ယူနိုက်တက်တို့ ထောင့်ကန်ဘောရပြီး လုခ်ရှောနဲ့ ရက်ရှ်ဖို့ဒ်အပေးအယူလုပ်ကာ ရက်ရှ်ဖို့ဒ်က ရာဖင်ဟာကို လှလှပပဖြတ်ကျော်ပြီး ဂိုးရှေ့ဖြတ်တင်ဘောကနေ ကွန်ဒေး ကိုယ့်ဂိုးကိုယ်သွင်းယူသွားမိခဲ့ကာ ယူနိုက်တက်တို့ ဦးဆောင်ဂိုးပါ ပြန်ရသွားခဲ့ပါတယ်။
ဒီနောက်မှာ ဘာကာက ဆက်တိုက်ဖိကစားလာပြီး ချေပဂိုးရဖို့ အလှည့်အပြောင်းတွေလုပ်ခဲ့ပါတယ်။ ယူနိုက်တက်က ဂိုးမပေးရဖို့ ထိန်းကစားခဲ့ပေမယ့် ၇၇ မိနစ်မှာ ရာဖင်ဟာရဲ့ ဖြတ်တင်ဘောကို လီဝန်ဒေါစကီးက ပိတ်သွင်းခဲ့ပေမယ့် မထိခဲ့ဘဲ ဂိုးထဲတန်းဝင်ခဲ့လို့ ချေပဂိုးပြန်ရကာ ပွဲက ၂-၂ ဖြစ်ပြီး ပိုအကြိတ်အနယ်ရှိသွားခဲ့ပါတယ်။
ချေပဂိုးရအပြီးမှာ အနိုင်ဂိုးရဖို့ ဘာစီလိုနာဆက်တိုက်ဖိအားပေးလာခဲ့ပြီး ထိုးဖောက်ခဲ့ပါတယ်။ အန်ဆူဖာတီရဲ့ကန်ချက်ကို ဒီဂီယာရဲ့ အံ့အားသင့်ဖွယ်ကာကွယ်မှုကြောင့်လည်း အပိုင်အခွင့်အရေးတကြိမ်လက်လွှတ်ခဲ့ရပါတယ်။ ယူနိုက်တက်ကတော့ သရေရလဒ်ကိုပဲ ထိန်းကစားဖို့ ဦးစားပေးခဲ့ပြီး ခံစစ်ကိိုုအားပြုကာ တန်ပြန်တိုက်စစ်တွေကို ပုံဖော်ခဲ့ပါတယ်။ ဒီနေက်တော့ ဘယ်သူမှ ဂိုးမသွင်းနိုင်ခဲ့တော့ဘဲ ၂-၂ နဲ့ သရေဖြစ်ခဲ့ပြီး ယူနိုက်တက်တို့ အိမ်ကွင်းမှာ ဒုတိယအကျော့အတွက် အခွင့်အရေးကောင်းခဲ့ပြီဖြစ်ပါတယ်။