ဘာစီလိုနာနည်းပြဖြစ်လာတဲ့ ဇာဗီကို ရီဗယ်လ်ဒိုက သတိပေးစကားပြောကြားခဲ့တာပါ။

ဘာစီလိုနာနဲ့ဘရာဇီးဂန္တဝင်ကစားသမားဟောင်းကြီး ရီဗယ်လ်ဒိုက ဇာဗီရဲ့ ဘာစီလိုနာနည်းပြဘဝ ခရီးလမ်းက ခက်ခဲကြမ်းတမ်းဖို့ရှိပြီး လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာတင် ကစားသမားသစ် (၃) ယောက်လောက် ခေါ်ယူဖို့ လိုအပ်တယ်လို့ သတိပေးလိုက်ပါတယ်။



ဇာဗီကို အယ်လ်ဆတ်ဒ်က အသင်းပြောင်းခွင့်ပြုလိုက်ပြီး ဘာစီလိုနာအနေနဲ့လည်း ဇာဗီနဲ့အယ်လ်ဆတ်ဒ်တို့ရဲ့ စာချုပ်ဖျက်သိမ်းရေးအတွက် လျော်ကြေးပေးခဲ့ရတာပါ။ ကာတာကလပ် အယ်လ်ဆတ်ဒ်ဟာ ဇာဗီလက်အောက်မှာ အထင်ကြီးလောက်စရာ ကစားပုံမျိုးနဲ့အတူ အောင်မြင်မှုဆုဖလားတွေကို ဆွတ်ခူးထားနိုင်ပြီး ဒါဟာ ဘာစီလိုနာ DNA ဖြစ်တယ်လို့ ကတ်တလန်အခြေစိုက် ကလပ်တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။

အဲ့ဒါကြောင့်လည်း ဇာဗီကို အရခေါ်ယူခဲ့တာဖြစ်ပြီး ရီဗယ်လ်ဒိုကတော့ ဇာဗီရဲ့အနာဂတ်နဲ့ ပတ်သက်လို့ အခုလို သတိပေးလာခဲ့ပါတယ်။ ရီဗယ်လ်ဒိုက “ဇာဗီက ဘာစီလိုနာနည်းပြဖြစ်လာတော့မှာဖြစ်ပြီး သူ့အတွက် ခက်ခဲကြမ်းတမ်းတဲ့ လုပ်ဆောင်မှုတွေက စောင့်ကြိုနေပါပြီ။ ဒါပေမယ့် ဇန်နဝါရီမှာ ကစားသမားနည်းနည်းလောက် ထပ်ခေါ်လိုက်ရင်တော့ ဒီရာသီမှာတင် အောင်မြင်နိုင်ဖို့ အခွင့်အရေး ရှိပါတယ်”

“အသင်းအနေနဲ့ လက်ရှိ လူစာရင်းကို အားဖြည့်ဖို့အတွက် ကစားသမား (၂) ယောက် ဒါမှမဟုတ် (၃) ယောက်လောက် လိုအပ်နေတာပါ။ ဒါပေမယ့် ဇာဗီက ဘာစီလိုနာရဲ့ လက်ရှိကစားသမားစာရင်းနဲ့ ကောင်းကောင်း လုပ်ပြနိုင်ပါတယ်။ သူပုံသွင်းချင်တဲ့ကစားပုံ၊ အရည်အချင်း ဒါတွေကို လက်ရှိ ကစားသမားတွေနဲ့ ရနိုင်ပါတယ်”

“အသင်းမှာ ငယ်ရွယ်ပြီး အရည်အသွေးပြည့်ဝတဲ့ လူငယ်တွေ အများကြီးပါ။ သူတို့ အရည်အချင်းတွေ တိုးတက်လာဖို့အတွက် လွတ်လပ်မှုတွေ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘာစီလိုနာအတွက် အတွေ့အကြုံရင့် ကစားသမားတွေ ပိုလိုအပ်ပါသေးတယ်။ လူငယ်ကစားသမားတွေက ဖိအားတွေကို ကောင်းကောင်းမကိုင်တွယ်နိုင်လို့ပါ”

“လူငယ်ကစားသမားတွေကို သေချာပြုစုပျိုးထောင်သင့်ပေမယ့် အသင်းအနေနဲ့လည်း အခုမှ ကစားသမားဘဝ အစပြုမယ့်သူတွေကို မှီခိုနေလို့မရပါဘူး” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ ဘာစီလိုနာဟာ မနက်ဖြန်ညမှာတော့ စပိန်လာလီဂါပွဲစဥ်အဖြစ် ဆဲလ်တာဗီဂိုနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲမှာ ဇာဗီ ကိုင်တွယ်နိုင်ဖွယ်ရှိ၊ မရှိကိုတော့ အခုထိ အတည်မပြုနိုင်သေးပါဘူး။   


ဆက်စပ်အကြောင်းအရာများ

Share

က္က