ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် နိုင်ပွဲရရှိဖို့ လိုအပ်နေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အနိုင်ရလဒ်လိုအပ်နေတဲ့ ဘာစီလိုနာအသင်းအတွက် ကြောက်မက်ဖွယ် စိန်ခေါ်မှု ဖြစ်နေပါတယ်။

ဘာစီလိုနာအသင်းဟာ အုပ်စုဒုတိယနေရာမှာ ရမှတ် ၇ မှတ်နဲ့ တတိယနေရာက ဘင်ဖီကာနဲ့ ၂ မှတ်သာ ကွာဟနေတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အိမ်ကွင်းမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ထူးခြားဆန်းကြယ်တဲ့အရာဖြစ်လိမ့်မယ်လို့ ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာက ကောင်းကောင်း သတိပြုမိနေတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ အုပ်စုအဆင့်မှာ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲ ထိန်းသိမ်းထားပြီး ၎င်းတို့ရဲ့ အုပ်စုတွင်း ပြိုင်ဘက်တွေကို အပြည့်အဝ လွှမ်းမိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။



တစ်ဖက်က ဘာစီလိုနာအသင်းကတော့ နိုင်ပွဲ ၂ ပွဲကို ဒိုင်နမို ကိဗ်အသင်းဆီကနေသာ ရရှိထားတဲ့အထိ အခြေအနေဆိုးရွားခဲ့တာဖြစ်ပြီး ပထမအကျော့ အုပ်စုပွဲစဉ်မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့သလို ပြီးခဲ့တဲ့အင်္ဂါနေ့ညမှာ ဂိုးမရှိသရေကျခဲ့ကျပြီးနောက် ဘင်ဖီကာက ဘာစီလိုနာအတွက် မမျှော်လင့်ထားတဲ့ အိပ်မက်ဆိုး ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်နိုင်ဖို့ ဘိုင်ယန်မြူးနစ်ကို အနိုင်ကန်နိုင်ရင် ကန် ဒါမှမဟုတ် ဒိုင်နမို ကိဗ်ကို ဘင်ဖီကာ အနိုင်မရပါစေနဲ့လို့ မျှော်လင့်ရတော့မှာဖြစ်ပါတယ်။

အဲဒီအခြေအနေ ၂ ခုစလုံးသာ မဖြစ်ခဲ့ဘူးဆိုရင်တော့ ဘာစီလိုနာအသင်းဟာ အုပ်စုအဆင့်ကနေ ထွက်ပြီး ယူရိုပါလိဂ်ကို ဆင်းကန်ရမယ့် အခြေအနေအထိ ဆိုက်သွားတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ဘင်ဖီကာအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ၎င်းတို့ဟာ ဘာဆာဖြစ်တာကြောင့် မြူးနစ်မှာတင်မကဘဲ ကမ္ဘာပေါ်က ဘယ်လိုနေရာမှာမဆို အနိုင်ယူနိုင်တယ်လို့ ကြုံးဝါးခဲ့ပေမယ့် ဘာစီလိုနာဥက္ကဌ လာပေါ်တာကတော့ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူနိုင်မယ်လို့ မျှော်လင့်နေပြီး ထူးခြားဆန်းကြယ်မှုတွေ ဖြစ်လာဖို့အတွက် ဆုတောင်းနေတာဖြစ်ပါတယ်။

"ဘိုင်ယန်ကို အနိုင်ယူဖို့ဆိုတာက အောင်မြင်နိုင်တဲ့ အရာတစ်ခုပါ။ အဲဒါက ထူးခြားဆန်းကြယ်မှု ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့အသင်း အနိုင်ရသွားလိမ့်မယ်လို့ ယုံကြည်ထားပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

က္က