ဇာဗီကို ဘာစီလိုနာဘက်က အပိုင်တွက်ထားလို့ အယ်လ်ဆတ်ဒ်ဘက်က တုံ့ပြန်လာတာပါ။

ကာတာကလပ် အယ်လ်ဆတ်ဒ်ဟာ သူတို့နည်းပြ ဇာဗီကို ဘာစီလိုနာဘက်က ပြုမူဆက်ဆံပုံနဲ့ ပတ်သက်လို့ ဒေါသထွက်နေတယ်လို့ သိရှိရပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ကြားရက်မှာ နည်းပြ ရော်နယ်ကိုးမန်းကို ထုတ်ပယ်ခဲ့ပြီး ဂန္တဝင်ကစားသမားဟောင်း ဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပြင်ဆင်နေတာပါ။



ဘာစီလိုနာဥက္ကဌ လာပေါ်တာက ဇာဗီနဲ့ လွန်ခဲ့တဲ့လပိုင်းတည်းက ဆွေးနွေးထားတယ်လို့ ပြောဆိုခဲ့ပြီး ရော်နယ်ကိုးမန်းကို ထုတ်ပယ်ပြီးချိန်မှာလည်း ဇာဗီကို နည်းပြသစ်အဖြစ် ချက်ချင်းခန့်အပ်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနို ကိုယ်တိုင် ဘာစီလိုနာတို့ နေ့မကူးဘဲ ဇာဗီကို နည်းပြသစ်အဖြစ် ကြေညာမှာဖြစ်ပြီး ဇာဗီဘက်ကလည်း ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လက်ခံထားပြီးပြီလို့ ဖော်ပြခဲ့တာပါ။

ဒါပေမယ့် အယ်လ်ဆတ်ဒ်ကတော့ သူတို့နည်းပြ ဇာဗီကို လွယ်လွယ်နဲ့ လက်လွှတ်မခံဘဲ ပရိသတ်တွေကလည်း ဇာဗီကို အသင်းမှာဆက်နေဖို့ ဆန္ဒရှိနေကြပါတယ်။ အယ်လ်ဆတ်ဒ်ရဲ့ တွစ်တာအကောင့်ကတစ်ဆင့်လည်း “လတ်တလော ပျံ့နှံ့နေတဲ့သတင်းတွေကို တုံ့ပြန်ရမယ်ဆိုရင် အသင်းနဲ့ ဇာဗီအကြား စာချုပ်သက်တမ်းက (၂) နှစ် ကျန်ရှိဆဲပါ”

“ဇာဗီအနေနဲ့လည်း အသင်းရဲ့ နောက်လာမယ့်ပွဲအတွက်သာမက အမှတ်ပေးဇယားထိပ်ဆုံး နေရာမှာ ဆက်လက်ရပ်တည်နေဖို့၊ အမှတ်ပေးချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက်ကို အဓိကအာရုံစိုက်ထားပါတယ်” လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဇာဗီကိုယ်တိုင်ကလည်း “ကျွန်တော် အယ်လ်ဆတ်ဒ်အတွက်ပဲ အပြည့်အဝအာရုံစိုက်ထားပြီး အခြားအကြောင်းအရာတွေကို မပြောလိုပါဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။

ဘာစီလိုနာဟာ လက်ရှိအချိန်မှာ ဘာစီလိုနာဘီ နည်းပြဖြစ်တဲ့ ဘာဟွမ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပြီး မနေ့က ကစားခဲ့တဲ့ အလာဗက်စ်နဲ့ပွဲမှာလည်း တစ်ဖက်တစ်ဂိုးစီသရေနဲ့သာ ကျေနပ်ခဲ့ရပြန်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က