မနေ့ညက ကစားခဲ့တဲ့ ဘာစီလိုနာနဲ့အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ တဖက်သုံးဂိုးစီသရေကျခဲ့ပြီး ဒီပွဲမှာ ဘာစီလိုနာနောက်တန်းက ဝါရင့်နောက်ခံလူ ပီကေးတယောက် တော်တော်လေး ဆိုးရွားမှားယွင်းတဲ့ အမှားအယွင်းတွေကို ပြုလုပ်မိခဲ့ပါတယ်။ ဒီပွဲက ဘာစီလိုနာအတွက် ပေးဆပ်မှုကြီးမားခဲ့ပြီး နောက်တဆင့်အတွက် မျှော်လင့်ချက်မရှိသလောက်ဖြစ်သွားပါတယ်။
ဒီပွဲမတိုင်ခင် ဘာစီလိုနာနောက်တန်းက ဒဏ်ရာပြဿနာ တော်တော်လေးများပြားခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ပီကေးက အဲရစ်ဂါစီယာနဲ့ တွဲဖက်ပြီး ပွဲထွက်လာခဲ့ပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံးက အမှားအယွင်းတွေရှိခဲ့ပြီး နူးကမ့်မှာတင် အင်တာမီလန်ကို သုံးဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ပထမဆုံးပေးလိုက်ရတဲ့ ဘာရီလာရဲ့ဂိုးကတော့ အကြီးမားဆုံးအမှားပါ။
ဒီဂိုးခွင့်မပြုရခင်မှာ ပီကေးက အသင်းဖော်တွေကို လူကျွံဘောဖမ်းဖို့၊ အေးအေးဆေးဆေး သက်သောင့်သက်သာရှိဖို့ လက်နှစ်ချောင်းကို ကားပြီး အမူအရာပြခဲ့ပေမယ့် ဘာစတိုနီရဲ့ပေးပို့မှုက ပီကေးကို ကျော်ကာ လူကျွံထောင်ချောက်ကို ဖောက်ထွက်လာတဲ့ ဘာရီလာဆီ ရောက်ရှိသွားပြီး ဘာစီလိုနာတို့ ချေပဂိုးပေးလိုက်ရပါတယ်။ အဲ့ဒီနောက် မကြာခင်မှာပဲ လော်တာရိုမာတီနက်ဇ်ရဲ့ သွင်းဂိုးနဲ့ အင်တာမီလန်တို့ ဦးဆောင်သွားခဲ့ပါတယ်။
ဒီဖြစ်ရပ်အပေါ် ပရိသတ်တွေက တော်တော်လေး ဒေါသပေါက်ကွဲနေခဲ့ပြီး ပီကေးရဲ့ အမှားကလည်း တော်တော်လေးကို ရုပ်ပျက် ကလေးဆန်လွန်းခဲ့ပါတယ်။ ပရိသတ်တွေက “ပီကေးကိုကြည့်ရတာ ကိုယ့်လူတို့၊ သူတို့ကို ဂိုးပေးသွင်းလိုက်ဆိုတာမျိုးဖြစ်နေပါပြီ” “ဒီဂိုးကို ခွင့်ပြုပြီးတဲ့နောက် ပီကေးအနေနဲ့ အနားယူသင့်နေပါပြီ။ ငါလည်း ဒီထက်ပိုပြီး မခံစားနိုင်တော့ဘူး”
“ရီးရဲလ်မက်ဒရစ်ပရိသတ်တိုင်းကို ငါတို့တောင်းပန်ပါတယ်။ ပီကေးကို ရာမို့စ်နဲ့နှိုင်းယှဥ်ခဲ့မိတာကိုပေါ့” “ငါ့ကိုသာ သတ်သွားပါတော့ ပီကေးရေ” လို့ အသီးသီးမှတ်ချက်ရေးသားခဲ့ပါတယ်။ ဘာစီလိုနာပရိသတ်တွေရဲ့အဖြစ်ကတော့ ငိုအားထက်၊ ရယ်အားသန်ဆိုသလိုမျိုး ဖြစ်နေခဲ့ရတာပါ။ ပီကေးဟာ ဇာဗီလက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတာဖြစ်ပြီး ဒဏ်ရာပြဿနာတွေကြောင့် သူ့ကို မဖြစ်မနေ အသုံးပြုရချိန်မှာ ဇာဗီကို ပညာပြန်ပေးသွားသလားတောင် ထင်မှတ်ရပါတယ်။