မန်စီးတီးကနေ ဘာကာကို ပြောင်းရွှေ့တော့မှာပါ။

မန်စီးတီးအသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ကစားသမားဖာရန်းတောရက်စ်ကို ဘာစီလိုနာဆီ ရောင်းချဖို့ သဘောတူညီလိုက်ပြီလို့ BBC က ဖော်ပြသွားခဲ့ပါတယ်။ ကလပ်အသင်းနှစ်သင်းကြားမှာ ကစားသမားအတွက် ပေါင် ၄၆.၇ သန်း ပေးချေဖို့ သဘောတူညီခဲ့ကြပြီး အပိုဆုကြေးအဖြစ် ပေါင် ၁၀ သန်းပေးချေသွားရဦးမယ်လို့လည်း ဆိုပါတယ်။

အသက် ၂၁နှစ်အရွယ် စပိန်သားကို ဝယ်ယူဖို့အတွက် ဘာစီလိုနာဟာ မကြာသေးမီကရရှိခဲ့တဲ့ ဘဏ်ချေးငွေကြောင့် အဆင်ပြေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် တောရက်စ်ကို ခေါ်ယူရာမှာ ဘာကာက သူတို့အသင်းက ကစားသမားတချို့ကို ပြန်လည်ရောင်းချဖို့လည်း လိုအပ်နေတယ်လို့ သိရပါတယ်။ 

စပိန်လက်ရွေးစင်ဟာ မန်စီးတီးကို ၂၀၂၀ ဩဂုတ်လကမှ ဗလန်စီယာကနေ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ မန်စီးတီးအတွက် ၄၃ ပွဲကစားပေးခဲ့ပြီး ၁၆ ဂိုးအထိ သွင်းယူပေးနိုင်ကာ မဆိုးရွားလှတဲ့ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ အဖွင့်ပွဲ ၆ ပွဲကို ပွဲထွက်ခွင့်ရခဲ့ပြီးမှ စက်တင်ဘာလကစကာ အရန်ကစားသမားအဖြစ်နဲ့သာ ရှိနေခဲ့ပြီး စပိန်အတွက်ကစားပေးရင်း ဒဏ်ရာရခဲ့လို့လည်း အနားယူခဲ့ရပါတယ်။ 

ပုံမှန်ကစားခွင့်ရမယ့်အသင်းတသင်းကို ပြောင်းရွှေ့ချင်တယ်လို့ တောရက်စ်က ဂွာဒီယိုလာကို အသိပေးခဲ့ပြီး ဘာနာဒိုဆေးလ်ဗား၊ ဂရီလစ်ရှ်၊ မာရက်ဇ်၊ စတာလင်၊ ဂျီးဆပ်နဲ့ ဖိုဒန်တို့ရှိနေတဲ့ တိုက်စစ်ပိုင်းမှာ သူ့အတွက် နေရာမရမှာကို သဘောပေါက်နားလည်ခဲ့တယ်လို့ ယူဆရပါတယ်။ ဘာစီလိုနာကလည်း တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် တောရက်စ်ကို မျက်စိကျနေခဲ့ပြီး အန်ဆူဖာတီ၊ ဒီပိုင်းတို့နဲ့ တွဲဖက်ပေးသွားမှာဖြစ်ပါတယ်။ 


ဇာဗီလက်ထက်မှာ အသင်းကစားသမားဟောင်းဒန်နီအဲဗက်စ်ကို ပြန်လည်ခေါ်ယူထားပြီး တောရက်စ်က ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာတော့မှာပါ။ လက်ရှိမှာတော့ ဘာကာဟာ လာလီဂါမှာရုန်းကန်နေရသလို ချန်ပီယံလိဂ်ကလည်း ထွက်ခွာခဲ့ရကာ ယူရိုပါလိဂ်ဆင်းကစားရမှာဖြစ်ပါတယ်။ 

Share

က္က