သံတမန်ဆိုင်ရာ ကင်းလွတ်ခွင့်လည်း ရုပ်သိမ်းထားခဲ့ပါတယ်

ဇင်ဘာဘွေနိုင်ငံ သမ္မတကတော်ဟောင်း ဂရေ့စ်မူဂါဘီကို ၂၀၁၇ ခုနှစ်အတွင်း မော်ဒယ်တစ်ဦးအား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုစွပ်စွဲချက်ဖြင့် တောင်အာဖရိက အစိုးရရှေ့နေတွေက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရပါတယ်။

(နဖူးမှာဒဏ်ရာရခဲ့သည့် မော်ဒယ်နှင့် ဂရေ့စ်မူဂါဘီ) (Photo: The Times)

ဇင်ဘာဘွေမှာ ကာလရှည်ကြာ အာဏာချုပ်ကိုင်ခဲ့တဲ့ သမ္မတရောဘတ်မူဂါဘီရဲ့ ဇနီးဖြစ်သူူဂရေ့စ်ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း တောင်အာဖရိကနိုင်ငံမှာ သံတမန်ဆိုင်ရာ ကင်းလွတ်ခွင့်ရုပ်သိမ်းခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဝရမ်းထုတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဂရေ့စ်မူဂါဘီဟာ ကိုယ်ထိလက်ရောက်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရပြီးနောက်ပိုင်း သူမကို နိုင်ငံမှထွက်ခွာခွင့်ပြုခဲ့တဲ့ တောင်အာဖရိကအစိုးရကိုလည်း ဝေဖန်မှုတွေရှိခဲ့ပါတယ်။


မော်ဒယ်တစ်ဦးဖြစ်တဲ့ ဂါဘရီရယ်လာ အန်ဂျယ်က ဂရေ့စ်မူဂါဘီဟာ ဂျိုဟန်နတ်စ်ဘတ်မြို့ရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သူမကို electric extension cord ဖြင့် ရိုက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဂရေ့စ်မူဂါဘီကတော့ ထိုစဉ်က ဟိုတယ်ခန်းမှာ သားနှစ်ဦးနဲ့အတူ ရှိနေခဲ့စဉ် မူးနေတဲ့ မော်ဒယ်က သူမကို ရန်ပြုတိုက်ခိုက်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခဲ့ခြင်းသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။


(ဂရေ့စ်မူဂါဘီက ရိုက်ခဲ့ကြောင်း စွပ်စွဲထားသည့် မော်ဒယ်) (Photo: Irish Times)

ထိုကိစ္စနဲ့ပတ်သက်ပြီး "ဂရေ့စ်မူဂါဘီကို ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့တယ်ဆိုတာ ကျွန်တော် အတည်ပြုနိုင်ပါတယ်" လို့ တောင်အာဖရိကရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဗစ်ရှ်နူနိုင်ဒိုက ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) ပြောကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းဝရမ်းထုတ်ကြောင်း သတင်းထုတ်ပြန်မှု မည်သည့်အတွက် နှောင့်နှေးနေခဲ့ကြောင်းနဲ့ ဂရေ့စ်မူဂါဘီ သို့မဟုတ် ဇင်ဘာဘွေအာဏာပိုင်တွေထံမှ တုံ့ပြန်ပြောဆိုမှုတွေ မကြားသိရသေးပါဘူး။ စည်းရုံးလှုံ့ဆော်မှုဆိုင်ရာ အဖွဲ့အစည်း AfriForum ကတော့ ဇင်ဘာဘွေသမ္မတကတော်ဟောင်းကို ဖမ်းဝရမ်းထုတ်လိုက်ခြင်းအပေါ် ကြိုဆိုခဲ့ပါတယ်။

(ရောဘတ်မူဂါဘီနှင့် ဂရေ့စ်မူဂါဘီ) (Photo: Getty Images)

"ဒါက တရားမျှတမှုရှိတယ်လို့ ယူဆရပါတယ်၊ ဒီကိစ္စကို ရှေ့ဆက်လုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်" လို့ AfriForum စီအီးအို Kallie Kriel က ပြောခဲ့ကြောင်း တောင်အာဖရိက သတင်းဝက်ဘ်ဆိုက် Times Live က ဖော်ပြပါတယ်။ ဂရေ့စ်မူဂါဘီကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် သူမကို လွှဲပြောင်းပေးရန် တောင်အာဖရိကအစိုးရ ဇင်ဘာဘွေကို တွန်းအားပေးသွားမည်ဟုတ် မဟုတ်ကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။

မူဂါဘီမိသားစုဟာ တောင်အာဖရိကမှာ အိမ်ရာအဆောက်အအုံ ပိုင်ဆိုင်မှုများရှိထားပါတယ်။ သမ္မတမူဂါဘီဟာ ဇင်ဘာဘွေနိုင်ငံကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် စစ်တပ်အာဏာသိမ်းမှု ပေါ်ပေါက်လာခဲ့ရာမှ ရထူးကနေ နုတ်ထွက်ခဲ့ရကာ နှစ်ကာလရှည်ကြာစွာ အာဏာချုပ်ကိုင်ထားမှု အဆုံးသတ်ခဲ့ရကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က