အသက်အရွယ်ကြောင့် တင်းရင်းမှုမရှိတော့တဲ့ အသားအရေကို ဘယ်လို ထိန်းသိမ်းသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

အသက်ရလာရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ၊ ဆဲလ်သစ်ဖြစ်ပွားမှုနှုန်းတွေ နှေးကွေးလာပါတယ်။ အသားအရေကို ထောက်ကန်ပေးထားတဲ့ Collagen တွေ ၊ Elastin တွေ လျော့နည်းလာတာနဲ့အမျှ အသားအရေတင်းရင်းမှု လျော့နည်းလာတတ်ပါတယ်။ ဆဲလ်သစ်ဖြစ်ပွားနှုန်း နှေးကွေးလာတာကြောင့် ဆဲလ်သေကွာကျမှုနှုန်း နှေးကွေးလာကာ အသားအရေခြောက်သွေ့မှုန်မှိုင်းတာတွေ ဖြစ်လာပါတယ်။ ဒါကို စောစီးစွာ ကြိုတင်ကာကွယ်ထားနိုင်မယ်ဆိုရင် ဇရာကို တွန်းလှန်သွားနိုင်ပါလိမ့်မယ်။



 အသက် ၃၅လောက်ရောက်လာပြီဆိုရင်

အသက် ၃၅ လောက်ရောက်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် အဓိက ဖြည့်တင်းပေးရမယ့်အရာတွေ အများကြီးရှိလာပါပြီ။ အရေးအကြောင်းဆိုတာမျိုုးက ဒီတိုင်းနေရင် မသိသာပါဘူး၊ ကိုယ့်ရဲ့ ဟိုအရင်က ဓာတ်ပုံတွေနဲ့ အခုဓာတ်ပုံ ယှဉ်ကြည့်မှသာ သိနိုင်တာမျိုးပါ၊ အသက်အရွယ်ရလာရင် အရေပြား Epidermis အလွှာတွေ ပါးလွှာလာတတ်ပါတယ်၊ ရေဓာတ် နဲ့ ဆီဓာတ်တွေ လျော့နည်းလာပြီး အသားအရေ ခြောက်သွေ့လာတတ်ပါတယ်၊ နေရောင်ခြည်ဒဏ်နဲ့ အသက်အရွယ်ကြောင့် ရရှိလာတဲ့ Age Spot လေးတွေ ထွက်လာတတ်ပါတယ်၊ ဒီလိုတွေ ကြုံလာခဲ့ပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်လာပါပြီ၊

ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ကြမလဲ

နေရောင်ခြည်ဒဏ်ကာကွယ်ပါ

တကယ်တော့ နေရောင်ခြည်ကို ဘယ်အသက်အရွယ်မဆို ကာကွယ်သင့်တာပါ။ ငယ်ငယ်က မကာကွယ်ဖြစ်ခဲ့ဘူးဆိုရင်လည်း ခု နောက်မကျသေးပါဘူး။ အသက်အရွယ်ကြီးရင့်လာချိန်မှာ နေရောင်ခြည်ကို ပိုလို့တောင် သတိထား ကာကွယ်သင့်တဲ့အချိန် ရောက်နေပါပြီ။ အရိပ်ရှိတဲ့ နေရာတွေမှာ နေထိုင်ရင်တောင်မှ Sunscreen ကို လိမ်းပေးသင့်ပါတယ်။ SPF 15 PA++ နဲ့ 30 PA++ ကြားရှိတဲ့ Sunscreen တွေကို လိမ်းပါ။ ခုချိန်မှာ ခရမ်းလွန်ရောင်ခြည်တွေကလည်း အရမ်းကို ပိုမိုဆိုးဝါးလာတာဖြစ်တဲ့အတွက် နေရောင်ခြည်နဲ့ ထိတွေ့မှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။

ရေများများသောက်ပါ

ရေက အသားအရေ ခြောက်သွေ့မှု နဲ့ အရေးအကြောင်း ဖြစ်စေမှုတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ရေကို တစ်နေ့ ၂ လီတာလောက် သောက်ပေးရပါမယ်၊ အစဉ်အမြဲ နုပျိုချင်တယ်ဆိုရင်တော့ ရေကို သတိရတိုင်း ထသောက်ပေးဖို့ လုံးဝ မမေ့ဖို့ အကြံပေးပါရစေ။

ကျောခင်းကာ ပက်လက်အိပ်ပါ

ပက်လက်အိပ်စက်ခြင်းက မျက်နှာ နဲ့ လည်ပင်းတွေကို ဒဏ်မပါစေဘဲ မျက်နှာကို မတွန့်ခေါက်စေတဲ့ အကောင်းဆုံး အိပ်စက်နည်းပါပဲ၊ လုံလောက်တဲ့ အိပ်စက်ချိန်ရရှိနိုင်ဖို့လည်း လိုအပ်ပါတယ်၊ လုံလောက်တဲ့ အိပ်စက်ချိန်ရရှိမှသာ HGH ဆိုတဲ့ Human Growth Hormone ထုတ်လုပ်ရာမှာ ပိုမိုအားကောင်းစေပြီး အရေပြားရဲ့ ကျုံ့နိုင် ဆန့်နိုင်အားကို တိုးစေပြီး အရေးအကြောင်းကို လျော့နည်းစေပါတယ်။

အသီးအနှံကို များများစားပေးပါ

နုပျိုချင်တယ်ဆိုရင်တော့ လတ်ဆတ်တဲ့ အသီးအနှံတွေကို စားသုံးပေးဖို့ လိုပါတယ်၊ အသီးအနှံတွေဟာ အသားအရေအတွက်ရော ခန္ဓာကိုယ်အတွက်ပါ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရရှိစေနိုင်ပါတယ်၊ အရေးကြီးဆုံးကတော့ လတ်ဆတ်တဲ့ အသီးအနှံဖြစ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ပိုးသတ်ဆေးတွေဖြန်းထားတဲ့ အသီးအနှံ၊ မလတ်ဆတ်တဲ့ အသီးအနှံတွေကို စားသုံးမိရင်တော့ ကျန်းမာရေးအတွက် ထိခိုက်သွားစေနိုင်သလို အသားအရေအတွက်လည်း ထိခိုက်သွားစေနိုင်ပါတယ်၊ ဒါ့ကြောင့် လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ ဖျော်စပ်ထားတဲ့ Detox Water တွေကိုလည်း သောက်သုံးနိုင်ပါတယ်။

ဆေးကူပါ

အထက်က သဘာဝနည်းလမ်းတွေ အသုံးပြုပြီး ဇရာကို တွန်းလှန်နိုင်သလို တိုးတက်လာတဲ့ ခေတ်ကြီးအလိုက် သောက်ဆေးတွေ ၊ ထိုးဆေးတွေလည်း အများကြီး ပေါ်ထွန်းလာပါပြီ၊ ဒီလို အရာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နုပျိုုအောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီးမှသာ ပြုလုပ်ဖို့ သတိပေးပါရစေ။

Aesthetic Practitioner ဒေါက်တာရန်နိုင်ကလည်း ကိုယ့်ရဲ့ အသားအရေကို ဘယ်လို ဂရုစိုက်ပေးသင့်တဲ့အ‌‌ကြာင်း Duwun ကနေတစ်ဆင့် ခုလို ပြောပြလာပါတယ်။

"အပြင်ဘက် အသားအရေကို ဂရုစိုက်ပေးတာ ကောင်းပါတယ်၊ ဒါပေမယ့် ကိုယ်ခန္ဓာကိုလည်း ကျန်းမာအောင် ကိုယ်တွင်းအဆိပ်အတောက်တွေပြေပျောက်အောင် Antioxidant ကြွယ်ဝတဲ့ အသီးအရွက်ပုံမှန်စားပေးတာတို့ ၊ Detox Water တွေသောက်ပေးတာတို့ အသားအရေတင်းရင်းစေတဲ့ Collagen Supplement တွေ သောက်ပေးတာတို့ လုပ်ပေးသင့်ပါတယ်။ အလှအပဆိုင်ရာ ဆေးခန်းတွေမှာ antioxidant drip ချိတ်သွင်းတာတို့လည်း လုပ်ပေးလို့ရပါတယ်။ နောက်တစ်ခုက တစ်လတစ်ကြိမ်ခန့် အမည်းစက်အမာရွတ်တွေ မြန်မြန်သက်သာစေဖို့နဲ့ မျက်နှာကြည်လင်ဖို့အတွက် Chemical Peeling (ဒါမှမဟုတ် ) ရေဓါတ်အတွက်အရေးပါတဲ့ Hyaluronic Acid လို ဓါတ်မျိုးကို မျက်နှာအသားအရေထဲတိုက်ရိုက်ထိုးသွင်းတဲ့ Mesotherapy လို Treatment မျိုးကို ပြုလုပ်ပေးသင့်ပါတယ်။ နောက်အရေးကြီးတာက အိပ်ရေးဝဝအိပ်ခြင်း ၊ သင့်တင့်မျှတအောင်စားသောက်နေထိုင်ခြင်း ၊ လေ့ကျင့်ခန်းတစ်ခုခု လုပ်ခြင်း စတာတို့က ကျန်းမာတက်ကြွစေပီး အသားအရေကိုလည်း ကြည်လင်စေဖို့ရာ အထောက်အကူပြုပါတယ်။"

ကိုယ့်အသက်နဲ့ လိုက်ဖက်တဲ့ Skin Care ကိုသာ အသုံးပြုပါ

အသက် ၃၀ ကျော်လာပြီ ၄၀ နားနီးနေပြီဆိုရင် ကြုံရာ Skin Care ကို ဝယ်ပြီး သုံးစွဲတာမျိုး မလုပ်မိဖို့ လိုပါတယ်။ ကြုံရာ ပစ္စည်းကို အသုံးပြုမယ်ဆိုရင် တကယ်လုံလောက်တဲ့ လိုအပ်တဲ့ ရသင့်ရထိုက်တဲ့ အသားအရေထိန်းသိမ်းမှုမျိုးရနိုင်တော့မှ မဟုတ်ပါဘူး၊။ ဒါ့ကြောင့် ကိုယ့်အသက်အရွယ်အတွက် ထုတ်ထားတဲ့ Skin Care တွေကို ရွေးချယ်ဝယ်ယူသုံးစွဲသင့်ပါတယ်၊

ဒီနည်းလမ်းလေးတွေ အသုံးပြုမယ်ဆိုရင်တော့ အသက်ကြီးလာလည်း လှလှပပလေး အသက်ကြီးလာလို့ ရပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က