ဒီအချက်လေးတွေကို သေချာဂရုစိုက်သွားမယ်ဆိုရင်တော့ တောင်ကြီးရဲ့အေးမြတဲ့ ဆောင်းအလှအပတွေကို ဘာအနှောင့်အယှက်မှမရှိဘဲ အပြည့်အဝခံစားနိုင်မှာပါ။


မြန်မာပြည်ရဲ့ ဆောင်းရာသီမှာ တောင်ကြီးမြို့ရဲ့ အအေးဓာတ်က ဘယ်တော့မှ ရိုးမသွားပါဘူး။ ဇန်နဝါရီလဆိုရင် တောင်ကြီးရဲ့ အပူချိန်က တစ်ခါတလေ ၁၀ ဒီဂရီအောက်အထိ ကျဆင်းတတ်ပါတယ်။ ဒီလိုအေးမြတဲ့ တောင်ပေါ်မြို့လေးကို သွားတဲ့အခါ ဓာတ်ပုံလှလှလေးတွေ ရိုက်နိုင်ဖို့နဲ့ ကျန်းမာရေးမထိခိုက်ဖို့ဆိုရင် ခရီးဆောင်အိတ်ထဲမှာ ဒီပစ္စည်းတွေ မပါမဖြစ် လိုအပ်ပါတယ်နော်။



ဝတ်စားဆင်ယင်မှုနဲ့ ရာသီဥတု

တောင်ပေါ်ဒေသရဲ့ ဆောင်းရာသီဟာ သာမန်ထက် ပိုအေးတာကြောင့် အဝတ်အစားပြင်ဆင်မှုက အရေးကြီးဆုံးပါ။ လေကာအင်္ကျီ၊ သိုးမွှေးအင်္ကျီတွေကို အလွှာလိုက် ဝတ်ဆင်ပါ။ နေ့ဘက်နေပူချိန်မှာ တစ်ထည်ချင်း ချွတ်ထားလို့ရအောင် ပြင်ဆင်ပါ။  ညဘက် လမ်းထွက်လျှောက်မယ်ဆိုရင် ခေါင်းစွပ်ဦးထုပ်နဲ့ ပုဝါ က မရှိမဖြစ်လိုပါတယ်။ ခေါင်းကနေ အအေးမပတ်အောင်နဲ့ လည်ပင်းကနေ လေအေးမဝင်အောင် ကာကွယ်ပေးပါတယ်။

ဆိုင်ကယ်စီးမယ့်သူတွေအတွက် လက်အိတ်ဆောင်ထားပါ။ ခြေအိတ်အထူကတော့ ညဘက်အိပ်တဲ့အခါ နွေးထွေးစေမှာပါ။

အသားအရည်ထိန်းသိမ်းတဲ့ပစ္စည်းများ 

တောင်ကြီးမှာ အေးနေတာပဲ၊ နေမပူဘူးလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ တောင်ပေါ်ဒေသရဲ့ ခရီုးခရမ်းလွန်ရောင်ခြည် (UV) က မြေပြန့်ထက် ပိုစူးရှပါတယ်။ အေးအေးနဲ့ နေပူထဲလျှောက်လည်တဲ့အခါ အသားအရေက မသိမသာ နေလောင်ပြီး တင်းတိတ်တွေ၊ အမည်းစက်တွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အနည်းဆုံး SPF 50+ ပါတဲ့ နေလောင်ကာခရင်မ်ကို မနက်တိုင်း လိမ်းဖို့ မမေ့ပါနဲ့။

တောင်ကြီးရဲ့ လေအေးအေးက အရေပြားပေါ်က အစိုဓာတ်ကို ခဏချင်း စုပ်ယူသွားနိုင်ပါတယ်။ ဒါကြောင့် အသားပတ်လို့ နာကျင်တာမျိုး မဖြစ်ရအောင် အစိုဓာတ် များများပေးနိုင်တဲ့ Lotion/Body Butter ဆောင်သွားပါ။ မျက်နှာအတွက်ဆိုရင်လည်း ခါတိုင်းလိမ်းနေကျထက် ပိုပျစ်တဲ့ Moisturizer မျိုးကို ပြောင်းလိမ်းသင့်ပါတယ်။

အေးတဲ့ရာသီမှာ နှုတ်ခမ်းကွဲပြီး သွေးထွက်တာက အဖြစ်အများဆုံးပါ။ စကားပြောတဲ့အခါ ဒါမှမဟုတ် ပြုံးပြီး ဓာတ်ပုံရိုက်တဲ့အခါ အဆင်ပြေစေဖို့ အိတ်ကပ်ထဲမှာ Lip Balm တစ်ချောင်း အမြဲဆောင်ထားပါ။

ကျန်းမာရေးအတွက် လိုအပ်တာများ 

ရာသီဥတု ရုတ်တရက် ပြောင်းလဲသွားတာကြောင့် နှာစေး၊ ချောင်းဆိုး ဖြစ်တတ်ပါတယ်။ အခြေခံအိမ်သုံးဆေးဝါးတွေအပြင် အစာမကြေဆေးနဲ့ ဝမ်းပိတ်ဆေးတွေကိုလည်း ဆောင်ထားပါ။ နေရာသစ်ကို ရောက်ရင် ဒေသခံအစားအစာတွေကို စားလေ့ရှိတာကြောင့် အစာမကြေဖြစ်တတ်တာကိုလည်း သတိပြုရမှာပါ။ 

ဓာတ်ဆား - အေးတဲ့အခါ လူက ရေငတ်တာ သိပ်မသိသာတတ်ပါဘူး။ ဒါပေမဲ့ ခန္ဓာကိုယ်က ရေဓာတ် လိုအပ်နေတတ်လို့ ခေါင်းမူးတာ၊ ပင်ပန်းတာမျိုး မဖြစ်အောင် ရေများများသောက်ပြီး ဓာတ်ဆားထုတ်လေးတွေ တစ်ခါတလေ ဖျော်သောက်ပေးဖို့ လိုပါတယ်။

အပူပေးအိတ် (သို့) ရေနွေးအိတ်

တအားအေးတဲ့ ညမျိုးမှာ အိပ်ရခက်နေရင် ရေနွေးအိတ်လေးက ကောင်းကောင်း အိပ်ပျော်စေဖို့ ကူညီပေးပါလိမ့်မယ်။ အခုနောက်ပိုင်း အလွယ်တကူ ဝယ်လို့ရတဲ့ ကပ်ခွာ အပူပေးအိတ် (Heat Patch) လေးတွေလည်း ရှိနေပြီဆိုတော့ အိတ်ကပ်ထဲ ထည့်ထားရုံနဲ့ လက်ကို နွေးနေစေမှာပါ။

Power Bank

ဖုန်းဘက်ထရီဟာ အေးတဲ့ရာသီမှာ အားကုန်တာ ပိုမြန်ပါတယ်။ တောင်ကြီးရဲ့ ရှုခင်းတွေကို ဓာတ်ပုံရိုက်နေရင်း ဖုန်းပိတ်မသွားစေဖို့ Power Bank ကောင်းကောင်းတစ်ခုကို အိတ်ထဲ ထည့်ထားပါ။

လမ်းခရီးနဲ့ သွားလာရေး 

တောင်ကြီးမြို့ဟာ လမ်းတွေ ကွေ့ကောက်ပြီး မြို့ထဲလမ်းတွေက ကျဉ်းတာကြောင့် မောင်းနှင်တဲ့အခါ အထူးသတိထားရပါမယ်။

Google Maps ကို အားကိုးလို့ရပေမဲ့ တောင်ကြားလမ်းတချို့မှာ ဖုန်းလိုင်းပျောက်တတ်ပါတယ်။ ဒါကြောင့် သွားမယ့်နေရာတွေကို Offline Maps (မြေပုံကို ဒေါင်းလုဒ်ဆွဲခြင်း) လုပ်ထားပါ။တောင်ကြီးမြို့ထဲက လမ်းတွေက သွားနေကျမဟုတ်ရင် မျက်စိလည်တတ်လို့ လမ်းညွှန်ဆိုင်းဘုတ်တွေကို သေချာကြည့်ပါ။

တောင်တက်လမ်း ကွေ့ကောက်တဲ့နေရာတွေမှာ အရှိန်ပြင်းပြင်း ကျော်တက်တာမျိုး လုံးဝ (လုံးဝ) မလုပ်ပါနဲ့။ မျက်နှာချင်းဆိုင်က ကားလာတာကို မမြင်ရတဲ့အတွက် အလွန်အန္တရာယ်များပါတယ်။

မနက်စောစောနဲ့ ညဘက်တွေမှာ နှင်းမြူ (Fog) အရမ်းထူတတ်ပါတယ်။ မီးကြီးထိုးမောင်းမဲ့ အစား နှင်းခွဲမီး (Fog light) သုံးပါ၊ အရှိန်လျှော့မောင်းပါ။

ရှမ်းရိုးရာအစားအစာ 

ရောက်တုန်းရောက်ခိုက် ရှမ်းရိုးရာ တို့ဟူးနွေး၊ ရှမ်းခေါက်ဆွဲနဲ့ ကောက်ညှင်းပေါင်းတွေကို ပူပူနွေးနွေး မြည်းစမ်းပါ။ တောင်ပေါ်ဒေသရဲ့ ထွက်ကုန်ဖြစ်တဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့ ခြံထွက်ဟင်းသီးဟင်းရွက်တွေကို စိတ်ကြိုက်ဝယ်ယူ စားသုံးနိုင်ပါတယ်။

ဒီအချက်လေးတွေကို သေချာဂရုစိုက်သွားမယ်ဆိုရင်တော့ တောင်ကြီးရဲ့အေးမြတဲ့ ဆောင်းအလှအပတွေကို ဘာအနှောင့်အယှက်မှမရှိဘဲ အပြည့်အဝခံစားနိုင်မှာပါ။ ကဲ... အထုတ်အပိုးတွေသေချာစစ်ပြီးပြီဆိုရင်တော့ ချယ်ရီတွေပွင့်နေမယ့် တောင်ပေါ်မြို့လေးဆီကို ခရီးစလိုက်ရအောင်လား


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။




Share

Loading Next Article...
က္က