လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလာမှာ ယူနိုက်တက်ကနေ ရော်နယ်ဒိုက ထွက်ခွာချင်နေပြီလို့ သိရပြီး နည်းပြအဲရစ်တန်ဟက်ဂျ်ကလည်း ဒီတကြိမ်တော့ ကစားသမားရဲ့ ဆန္ဒကို တားဆီးမှာမဟုတ်တော့ဘူးလို့ သတင်းတွေထွက်လာပါတယ်။ မန်စီးတီးကို ၆-၃ နဲ့ အရေးနိမ့်ခဲ့တဲ့ ဒါဘီပွဲမှာ ရော်နယ်ဒိုက အရန်ကစားသမားအဖြစ်နဲ့သာရှိနေခဲ့ပြီး သူ့ကို ထည့်သွင်းအသုံးမပြုခဲ့လို့ တန်ဟက်ဂျ်ကို ရွိုင်ကိန်းကလည်း ဝေဖန်ခဲ့ပါတယ်။
ဒါပေမယ့် တန်ဟက်ဂျ်ကတော့ ကစားသမားရဲ့ ဂုဏ်သိက္ခာကြောင့် အခုလိုအရေးနိမ့်နေတဲ့အချိန်မှာ ထည့်သွင်းအသုံးမပြုခဲ့တာဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ရော်နယ်ဒိုက လက်ရှိအခြေအနေကို မပျော်မရွှင်ဖြစ်နေပြီး သူ ပွဲထွက်ကစားခွင့်ရဖို့ ထိုက်တန်တယ်လို့ ခံစားနေရပြီး တန်ဟက်ဂျ်ဘက်ကတော့ ရော်နယ်ဒိုရဲ့ ခြေစွမ်းက ပွဲထွက်ခွင့်ရဖို့ မလုံလောက်ဘူးလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ ရော်နယ်ဒိုက အသင်းပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ အိုးထရက်ဖို့ဒ်မှာသာ ဆက်လက်ရှိနေခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ပေါ်တူဂီသားဟာ သူ့အတွက် ကမ်းလှမ်းမှုတွေရှိလာခဲ့ရင် ထွက်ခွာဖို့ကို မျှော်လင့်နေပြီး တန်ဟက်ဂျ်ကတော့ ဒီတကြိမ်မှာ တားဆီးမှာမဟုတ်တော့ဘဲ ရော်နယ်ဒိုစိတ်တိုင်းကျဆုံးဖြတ်စေလိမ့်မယ်လို့ The Sun က ဆိုပါတယ်။
လက်ရှိအနေအထားမှာတော့ ရော်နယ်ဒိုကို ဥရောပထိပ်တန်းအသင်းကြီးတွေက ခေါ်ယူဖို့ထက် အခြားသောငွေကြေးကြွယ်၀တဲ့ အသင်းတွေရှိတဲ့ အရှေ့အလယ်ပိုင်းဒေသကလပ်တွေ၊ မေဂျာလိဂ်ကလပ်တွေကသာ ခေါ်ယူဖွယ်ရှိနေပါတယ်။ ထိပ်တန်းအဆင့်တွေမှာ ပဲ ကစားချင်နေသေးတဲ့ ရော်နယ်ဒိုအတွက် ဒါက ကျေနပ်နိုင်စရာမဟုတ်ပေမယ့်လည်း ထွက်ခွာဖို့ကိုပဲ အားစိုက်မယ်ဆိုရင်တော့ ကမ်းလှမ်းမှုတွေကို လက်ခံဖွယ်ရာရှိနေပါတယ်။