ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမား မာစီရယ်လ်က လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာတင် အသင်းက ထွက်ခွာချင်နေပြီလို့ အေးဂျင့်ဖြစ်သူက အတည်ပြုပြောကြားခဲ့ပါတယ်။ အသက် (၂၆) နှစ်အရွယ် အဆိုပါ ပြင်သစ်လူမျိုး ကစားသမားဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အတွက် (၂) ပွဲသာ ပွဲထွက်ခွင့်ရရှိထားတာပါ။
လက်ရှိအသင်းရဲ့တိုက်စစ်ပိုင်းမှာ ဆန်ချို၊ ဂရင်းဝုဒ်၊ ရပ်ရှ်ဖို့ဒ်၊ ကာဗာနီ၊ ရော်နယ်ဒိုတို့ အမာခံကစားသမားတွေအဖြစ်ရှိနေပြီး မာစီရယ်လ်ကတော့ နောက်ပိုင်းမှာ အသင်းလူစာရင်းထဲ ပါဝင်ဖို့တောင် ခက်ခဲလာခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မာစီရယ်လ်နဲ့ သူ့အေးဂျင့်တို့က လာမယ့်ဆောင်းရာသီမှာတင် အသင်းပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီး ဖြစ်နိုင်ဖွယ်အသင်းတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးမှုတွေရှိနေတာပါ။
Sky Sports သတင်းဌာနနဲ့ အင်တာဗျူးမှာ မာစီရယ်လ်ရဲ့အေးဂျင့် ဖိလစ်ပီလမ်ဘိုလေက “မာစီရယ်လ်က လာမယ့် ဇန်နဝါရီမှာတင် အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။ သူက ပွဲကစားခွင့်ရချင်တာပါ။ ဇန်နဝါရီတလတောင် အသင်းမှာ မနေချင်တော့ပါဘူး”
“ကျနော် မကြာခင် အသင်းနဲ့ ဆွေးနွေးရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မာစီရယ်လ်ဟာ နည်းပြဟောင်း ဆိုးလ်ရှား ရာထူးက အထုတ်မခံရင်ခင်တည်းက အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့တာပါ။ လက်ရှိနည်းပြ ရန်းနစ်ဂ်ရောက်လာချိန်မှာတော့ မာစီရယ်လ်က ရန်းနစ်ဂ်လက်အောက်က သူ့အခြေအနေကို စောင့်ကြည့်လိုခဲ့ပါသေးတယ်။
ဒါပေမယ့် အခြေအနေမဟန်တာကြောင့် မာစီရယ်လ်တယောက် အသင်းကထွက်ဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။ ကစားသမားဟာ အသင်းနဲ့ (၂၀၁၉) ကမှ စာချုပ်သက်တမ်းတိုးထားတာဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း (၃) နှစ်အပြင် နောက်ထပ် (၁) နှစ် ထပ်မံသက်တမ်းတိုးခွင့်လည်း ကျန်ရှိနေပါသေးတယ်။
မာစီရယ်လ်ကိုခေါ်ယူဖို့အတွက် ဘာစီလိုနာ၊ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေတာပါ။ (၂၀၁၅) မှာ မိုနာကိုကနေ ယူနိုက်တက်ကို မထင်မှတ်ဘဲ ရောက်ရှိလာခဲ့တဲ့ မာစီရယ်လ်ရဲ့ စာချုပ်မှာ ဘလွန်းဒီအော်ရရင် မိုနာကို,ကို ယူနိုက်တက်တို့ အပိုဆုကြေးပေးရမယ်ဆိုတဲ့ အချက်တွေပါ ထည့်သွင်းချုပ်ဆိုထားပေမယ့် မာစီရယ်လ်ရဲ့ ယူနိုက်တက် ကစားသမားဘဝကတော့ ကျဆုံးခဲ့ရပြီဖြစ်ပါတယ်။