အချိန်တန်လို့ ဘေးဖယ်လိုက်ရတာ ဘာမှမဖြစ်ပါဘူး။

အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့တဲ့ သရုပ်ဆောင်အောင်ပိုင်က ဇာတ်ကားတွေ မရိုက်ရတဲ့အချိန်မှာ မိသားစု စားဝတ်နေရေး အခက်အခဲလေးတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဗီဒီယိုဈေးကွက်ပျက်သွားချိန်မှာ သူလည်း ဇာတ်ကားတွေ မရိုက်ရတော့တဲ့အပေါ် စိတ်မကောင်းဘူးလို့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

တစ်ချိန်က အက်ရှင်ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင် အောင်ပိုင်ကိုတော့ အနုပညာလှုပ်ရှားမှုတွေ မတွေ့ရတော့ပါဘူး။ ဒါကလည်း သရုပ်ဆောင်အလုပ် လုပ်ခွင့်မရခဲ့တဲ့ သူ့ရဲ့ ခံစားချက်ကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့အချိန်မှာ ဖြစ်သွားတာကိုလည်း စိတ်မကောင်းဖြစ်တယ်။ အချိန်တန်လို့ ဘေးဖယ်လိုက်ရတာက ဘာမှမဖြစ်ဘူး။ အသက်ကြီးသွားလို့ မင်းသားတစ်ယောက်၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဈေးကွက်မဝင်တော့လို့ဆိုရင် သူ့နေရာနဲ့သူရောက်သွားမှာပဲလေ။ အခုဟာက လုပ်ကိုင်စားသောက်လို့ရနေတဲ့အချိန်မှာ ဗီဒီယိုဈေးကွက်ကြီး ပျက်သွားလို့၊ ဗီဒီယို ရိုက်လို့မရတော့တဲ့ အတွက်ကြောင့် နယ်သရုပ်ဆောင်တွေဖြစ်တဲ့ အစ်ကိုတို့၊ ညီမင်းထက်တို့၊ ကျော်ဇောဟိန်းတို့ အကုန်လုံး အခက်အခဲတွေဖြစ်ကြတယ်။ ဒီတစ်ခုကတော့ တော်တော်ကို စိတ်မကောင်းဘူး’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် အောင်ပိုင်ဟာ အနုပညာအလုပ်တွေ လုပ်ခွင့်မရတော့တဲ့အချိန်မှာ မိသားစုအတွက် စားဝတ်နေရေးပြေလည်အောင် ကြိုးစားခဲ့ရတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

‘’အခုတော့ ဘုန်းကြီးပွဲလေးတွေပေါ့၊ ဘုရားပွဲတွေ၊ ကထိန်ပွဲတွေ ပွင့်လင်းရာသီမှာရှိတဲ့ ပွဲလေးတွေမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ် ညှိနှိုင်းပြီးတော့ သီချင်းလေးတွေ လိုက်ဆိုရတာပေါ့။ ဒီအလုပ်လေးတွေနဲ့ လောလောဆယ် စားဖို့သောက်ဖို့၊ လှူဒါန်းဖို့ ရပ်တည်နေရတာပေါ့’’ လို့ ဇာတ်လိုက် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Facebook

ဗီဒီယို ဈေးကွက် ပျက်သွားတဲ့အချိန်မှာ အောင်ပိုင်က ဇာတ်ကားတွေမရိုက်ရတော့တာကြောင့် စားဝတ်နေရေးအခက်အခဲရှိခဲ့ပါတယ်တဲ့။

‘’ဒုက္ခရောက်တယ်၊ အဆင်မပြေကြဘူးဆိုတာကတော့ လူတိုင်းမှာ ပြည့်တယ်ဆိုတာ မရှိဘူး။ အကုန်လုံးကတော့ လိုနေကြတာတွေချည်းပါပဲ။ ထမင်းငတ်နေတာတော့ မဟုတ်ဘူး ဘုရားကျွေးသလောက်တော့ စားနေရတာပါပဲ။ ဦးအောင်ပိုင်တို့ အရင်တုန်းကလို မသုံးနိုင်ဘူး၊ မစားနိုင်ဘူး၊ အဓိက က မလှူနိုင်ဘူး’’ လို့ သူကဆိုပါတယ်။

အောင်ပိုင် က အခုဆိုရင်တော့ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်တော့မှာဖြစ်ပါတယ်။ မကြာခင်မှာ သရုပ်ဆောင် မြင့်မြတ် နဲ့အတူ ‘’ဇာတ်လိုက်’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမှာပါ။ အောင်ပိုင့်ကိုတော့ အက်ရှင်ဇာတ်ကားတွေကနေတဆင့် နယ်ပရိသတ်တွေအများကြီးက အားပေးခဲ့ကြပါတယ်။ သူဟာ နယ်ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က