“ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားရိုက်နေရင်း ဖြစ်သွားခဲ့တာပါ။ ပေါက်တူးနဲ့ သရုပ်ဆောင်ရင်း ကိုယ့်ခြေထောက်ကို ပြန်ထိခဲ့တာလို့ ဆိုပါတယ်။
Photo : အိန္ဒြာကျော်ဇင်
အိန္ဒြာကျော်ဇင်က “ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနဲ့ ခြေထောက် ဒဏ်ရာ ရသွားခဲ့တာပါ။ ဇာတ်ဝင်ခန်းတစ်ခန်းအတွက် ပေါက်တူးနဲ့ သရုပ်ဆောင်ရင်း သူမရဲ့ ခြေထောက်ကို ပြန်ထိမိတာလို့ ဆိုပါတယ်။
“မနေ့က"ဇာတ်လိုက်"ကားနောက်ဆုံးနေ့ ဇာတ်ဝင်ခန်းထဲမှာ ချွန်ထက်နေတဲ့ပေါက်တူးနဲ့ သရုပ်ဆောင်ရင်း ကိုယ့်ကိုကိုယ်ပြန်ထိ” ဆိုပြီး ဇွန်လ(၃) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာပါ။
အိန္ဒြာကျော်ဇင်အတွက်ကတော့ ဇာတ်ကားတစ်ကားရိုက်တိုင်း ဒဏ်ရာရတာ သူမရဲ့ Trademark တစ်ခုလို ဖြစ်နေပြီလို့ ပြောပါတယ်။
“အိန္ဒြာကျော်ဇင်တို့ ကားတစ်ကားရိုက်တိုင်း ထိခိုက်ဒဏ်ရာမရရင် ကားတစ်ကားမပြီးဘူး...ကားရိုက်တိုင်း ဒဏ်ရာရတာ ကိုယ့်trademarkလိုတောင်ဖြစ်နေပြီ” လို့ ရေးထားပါသေးတယ်။ပရိသတ်တွေကတော့ သူမအတွက်စိုးရိမ်နေကြပြီး အနာကို ဂရုစိုက်ဖို့ ပြောထားပါသေးတယ်။
Photo : အိန္ဒြာကျော်ဇင်
အိန္ဒြာကျော်ဇင်ကိုတော့ ယောကျ်ားလျာ ဇာတ်ရုပ်နဲ့ ကိုတိုးဆိုတဲ့ ကျောင်းဆရာပုံစံ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ပဲခူးရိုးမ မှာ လွန်ခဲ့တဲ့ ၂၇ နှစ်က အမှန်တကယ်ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်တစ်ခုကို ရိုက်ပြမယ့် ဇာတ်ကားတစ်ကားဖြစ်တယ်လို့ ဒါရိုက်တာ ကိုပေါက်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်မယ့် ဇာတ်ကောင်တွေကလည်း အပြင်မှာ တကယ်ရှိကြတယ်လို့ သိရပါတယ်။
Photo : အိန္ဒြာကျော်ဇင်
အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၀ ကျော်ပြီဖြစ်ပါတယ်။သူမဟာ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။
Photo : အိန္ဒြာကျော်ဇင်
အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် မိသားစုကို အချိန်ပိုပေးနေတာကို တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ သမီးကြီးပြေသုဒြာ ကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ ခုနှစ် သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်မိသားစုလေးလည်း ဖြစ်ပါတယ်။