“ချည်” ရုပ်ရှင်ဇာတ်ကားကတော့ Official Trailer မိတ်ဆက်ပေးလိုက်ကတည်းက ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေ ကိုယ်တိုင်ကလည်း ဇာတ်ကားပြန်ကြည့်တဲ့အချိန်မှာ ငိုခဲ့ရတယ်လို့ဆိုပါတယ်။
သုံးပွင့်ဆိုင်အချစ်ဇာတ်ကားလေးကို ဆန်းဆန်းပြားပြားပုံဖော်ရိုက်ကူးခဲ့တဲ့ “ချည်” ရုပ်ရှင်ကားကြီးမှာတော့ ခွန်းဒ ၊ မူရာ နဲ့ ငုလေး ဆိုတဲ့ ဇာတ်ကောင်တွေက ပရိသတ်ရင်ကို ထိမှန်စေမယ့် ဇာတ်ကောင်တွေဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ Official Trailer ကိုကြည့်ပြီး ငိုခဲ့ရတဲ့ ပရိသတ်တွေရှိသလို ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေကလည်း ငိုခဲ့ရသေးတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ကြပါတယ်။
“ချည်” ရုပ်ရှင်ထဲက မူရာအဖြစ်သရုပ်ဆောင်ထားတဲ့ သက်မွန်မြင့်ကိုယ်တိုင်ကလည်း ခံစားချက်အပြည့်နဲ့ သရုပ်ဆောင်ထားတာဖြစ်လို့ ဇာတ်ကားပြန်ကြည့်တဲ့အချိန်မှာ အရမ်းငိုခဲ့ရတယ်လို့ ဆိုပါတယ်။
“ချည်” ဇာတ်ကားကို ပုံဖော်သူ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်ကလည်း ဇာတ်ကား ဆက်နေတဲ့ အချိန်မှာတောင် မျက်ရည်ကျမတတ်ဖြစ်ခဲ့ရပါတယ်တဲ့။ ဒီဇာတ်ကားထဲမှာ ကယန်းတိုင်းရင်းသားတွေရဲ့ ရိုးရာလေးတွေပါတယ်လို့ ဆိုပါတယ်။
ငုလေး ဆိုတဲ့ ကာရိုက်တာနဲ့ “ချည်” ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားသူကတော့ ရွှေသမီးဖြစ်ပါတယ်။ ဒီကာရိုက်တာကို လက်ခံရိုက်ကူးဖြစ်တဲ့ရည်ရွယ်ချက်ကိုလည်း သူမက ပြောပါတယ်။
ချည်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒီဇင်ဘာလ ၂၆ ရက် နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကတော့ မင်းခိုက်စိုးစံ နဲ့ ထက်မြတ်နိုင်ဇင် တို့က ရေးသားထားတာဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်တွေကတော့ နေတိုး၊ သက်မွန်မြင့်နဲ့ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။