သက်မွန်၊ ဖွေးဖွေးတို့နဲ့အတူတွဲသရုပ်ဆောင်ရမယ့်အပေါ် ခါရာတစ်ယောက် စိတ်လှုပ်ရှားလို့နေပါတယ်။ သရုပ်ဆောင်တာ တော်လွန်းသူတွေဖြစ်တာကြောင့်လည်း အကောင်းဆုံးကြိုးစားရမယ်လို့ပြောပါတယ်။
Photo: Khara
ခါရာကတော့ စီနီယာသရုပ်ဆောင်တွေဖြစ်တဲ့ ဒေါင်း၊ ဖွေးဖွေး၊ သက်မွန်မြင့်တို့နဲ့အတူရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခွင့်ရတဲ့အပေါ် စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ ပါဝင်ရမယ့် ကာရိုက်တာကိုလည်း အရမ်းစိတ်ဝင်စားတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ ဒီဇာတ်ကားထဲမှာ အတူတွဲရိုက်မယ့် မဖွေးဖွေး တို့၊ ဒေါင်း တို့၊ မသက်မွန်တို့နဲ့ တစ်ယောက်နဲ့မှ မဆုံဖူးသေးဘူးခင်ဗျ။ အပြင်မှာတော့ သိတယ်။ ဇာတ်ကားရိုက်တာ မဆုံဖူးတာပေါ့နော်။ ဒါပေမယ့် သူတို့က အရမ်းတော်ကြတဲ့ သရုပ်ဆောင်တွေဆိုတော့ သူတို့နဲ့ အလုပ်အတူတူလုပ်ရမှာ အရမ်းစိတ်လှုပ်ရှားတယ်။ စိတ်လည်း စိတ်ဝင်စားတယ်။ သူတို့က အရမ်းတော်ကြတဲ့အတွက် ကျွန်တော့်ဘက်က အများကြီး ပြင်ဆင်ရမှာပေါ့နော်။ ပရိသတ်တွေ ကြည့်ရင်လည်း ဇာတ်ရှိန်မိပြီးတော့ ပိုစိတ်ဝင်စားလာမယ်လို့ထင်ပါတယ်’’ လို့ သူကဆိုပါတယ်။
ခါရာကိုတော့ အက်ရှင်ဇာတ်ကားတော်တော်များများထဲမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ တွေ့မြင်နေကြဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အချစ်ဇာတ်ကားထဲမှာ အရမ်းချစ်တတ်တဲ့ ကောင်လေးအဖြစ် မြင်တွေ့ရဦးမယ်လို့ ဆိုပါတယ်။
‘’ အက်ရှင်ဇာတ်ကားတွေတုန်းကတော့ ခပ်ကြမ်းကြမ်း ကောင်လေးတစ်ယောက်ကို တွေ့ရမှာပေါ့နော်။ အချစ်ဇာတ်ကားမှာဆိုရင်တော့ အရမ်းချစ်တတ်တဲ့ကောင်လေးတစ်ယောက်ပုံစံမျိုးတွေ့ရမှာပါ။ အရင်တုန်းက ကြမ်းခဲ့တဲ့ အက်ရှင်နဲ့ အခု Romance မှာ ပါလာမယ့် ခါရာနဲ့ လုံးဝမတူပါဘူး။ အကောင်းဆုံးဖြစ်အောင်၊ ကွဲပြားအောင် ကျွန်တော် ကြိုးစားသွားမှာပါ’’ ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းက “love Equation’’ ရုပ်ရှင်ကားကြီး ကန်တော့ပွဲကိုတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
ခါရာဟာ Bonanza ထုတ်လုပ်ရေးနဲ့အတူ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ သူဟာ Professional Model တစ်ယောက် အနေနဲ့ ပရိသတ်တွေ စတင်အားပေးခြင်းကို ခံခဲ့ရသူပါ။ အခုချိန်မှာတော့ ခါရာပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာတွေ၊ ရုပ်ရှင် ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲ တွေကလည်း ပရိသတ်ရှေ့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။