မျက်ရည်ကျမတတ်ပါပဲ။

ဒေါ်ထားကတော့ သူမကို ချစ်ကြတဲ့ တပည့်တွေ အများကြီးနဲ့ ပြန်ဆုံတွေ့ရတာကြောင့် အရမ်းကို ပျော်ရွှင်နေတာ တွေ့ရပါတယ်။ သူမရဲ့ ကျန်းမာရေးအခြေအနေက လေဖြတ်ထားတာဖြစ်တဲ့အတွက် အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့တယ်လို့ သိရပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့တဲ့ ဒေါ်ထားဟာ အရင်တုန်းက သူ့အိမ်မှာ ဇာတ်ကားရိုက်ခဲ့တဲ့ အချိန်တွေကို သတိရတယ်လို့ ဆိုပါတယ်။ သူမရဲ့ အသက်ကတော့ အခုဆိုရင် ၈၀ကျော်အရွယ်ရောက်နေပြီလို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



‘’ အခုဆိုရင်တော့ မင်းသား၊ မင်းသမီး အသစ်လေးတွေက လိုက်ရိုက်တဲ့ အချိန်မှာ သူတို့တွေနဲ့ တွေ့ပြီး ရင်းနှီးသွားတယ်ပေါ့။ ဒါပေမယ့် အရင်တုန်းကလောက် မပျော်ဘူး။ အရင်တုန်းက ဆိုရင် အိမ်မှာရှုတင်တည်ပြီဆိုရင် အားလုံး ပျော်ပျော်ပါးပါး ကကြ၊ ဆိုကြနဲ့ အရမ်းပျော်စရာကောင်းခဲ့တာ။ အခုတော့ အသက်က ၈၀ ရှိပြီလေနော်’’ လို့ သူကဆိုပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့တုန်းကတော့ ဒေါ်ထားကို ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်များစွာ စုစည်းပြီး ကန်တော့ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒေါ်ထားအဖွဲ့ရဲ့ သရုပ်ဆောင်တွေကို တွေ့ရတာကြောင့်လည်း ဝမ်းသာတယ်လို့ ပြောပါတယ်။

‘’ကလေးတွေလည်း စုစုစည်းစည်းလာကန်တော့ကြတာ တွေ့ရတော့ အရမ်းဝမ်းသာတယ်။ မျက်ရည်တွေတောင် ကျမိပါတယ်။ အနုပညာအလုပ်တွေကို ဦးဒေါန တို့၊ ဦးသန်းဖေလေးတို့ ခေတ်ကတည်းက ဒေါ်ထားအဖွဲ့ဆိုပြီး တည်ထောင်လာတာ။ အဲဒါပြီးမှ နောက်တစ်ဖွဲ့တွေလာကြတာ။ သူ့ အဖွဲ့နဲ့ သူပေါ့လေ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၈ ရက်နေ့က ဒေါ်ထားကို ဇာတ်ပို့သရုပ်ဆောင်တွေ ကန်တော့ကြတဲ့နေ့မှာ ဖြေဆိုခဲ့တာပါ။

ဒေါ်ထားရဲ့ ကျန်းမာရေးကတော့ လေဖြတ်ထားတာဖြစ်တဲ့အတွက် အိပ်ရာပေါ်မှာလှဲနေရတဲ့ အခြေအနေကြုံခဲ့ရတယ်လို့ဆိုပါတယ်။ အခုတော့ ကျန်းမာရေးက တဖြည်းဖြည်းကောင်းလာပြီလို့လည်း သူကပြောပါတယ်။

‘’ ကျန်းမာရေးကတော့ လေဖြတ်တာပဲ၊ လမ်းလည်း မလျှောက်နိုင်ဘူး။ ဝှီးချဲလေး ဝယ်ထားတော့ သွားလို့လာလို့ရတယ်။ ကိုယ်ကတော့ ကိုယ့်ကလေးတွေကို မြင်ရင် ငါ အသက်အရွယ်က ကြီးလာပြီ။ မသွားနိုင်မလာနိုင်တော့ဘူး။ အိုလာပြီ’’ လို့ဆိုပါတယ်။

ဒေါ်ထားကတော့ ဗီဒီယိုဇာတ်ကားပေါင်းများစွာ၊ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ၊ ဇာတ်လမ်းတို၊ ဇာတ်လမ်းတွဲ စတဲ့ ဇာတ်ကားတွေမှာ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်ခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် ဒေါ်ထားအဖွဲ့ ဆိုပြီးတော့ ဇာတ်ပို့ဇာတ်ရံ၊ ဖြတ်လျှောက်အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါသေးတယ်။ သူကတော့ အခုဆိုရင် အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးနေပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က