"တိမ်တွေပေါ်က ပန်း" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းတည်းကို သိန်းပေါင်း ၁၉၀ ကုန်တဲ့အထိ အကုန်ကျခံရိုက်ကူးခဲ့တယ်လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပါတယ်။ ဇာတ်ကား တစ်ကားလုံးရဲ့ ကုန်ကျစားရိတ်ကလည်း အရမ်းမျာတယ်လို့ ဆိုပါတယ်။
Photo: တိမ်တွေပေါ်က ပန်း
ဒါရိုက်တာ စင်ရော်မောင်မောင်ကတော့ “တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ကိုရီးယား အနုပညာရှင်တွေ၊ မြန်မာအနုပညာရှင်တွေနဲ့ ပူးပေါင်းရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကိုရီးယားနိုင်ငံမှာ သွားရောက်ပြသဖို့အတွက် ကြိုးစားနေတယ်လို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ အခုဆိုရင် ကိုရီးယားမှာ သွားပြဖို့အတွက် ကိုရီးယား စာတန်းထိုးဖို့လုပ်နေတယ်။ ကစ်ကစ်တို့ကို မန္တလေးတို့၊ မော်လမြိုင်တို့ကိုလည်း ခေါ်သွားချင်တယ်။ စင်ကာပူကိုလည်း ခေါ်သွားချင်တယ်။ ကိုရီးယားမင်းသမီးလေးလည်း ကျန်သေးတယ်လေ။ သူ့ကို မခေါ်ရတာ အရမ်းစိတ်မကောင်းဖြစ်တယ်။ ကိုရီးယားဇာတ်ကားတွေကနေပြီးတော့ Samsung တို့၊ အဝတ်အစားတွေ၊ မိတ်ကပ်တွေ တစ်ကမ္ဘာလုံးကို ပြန့်သွားတာ ဒါကြောင့် ကျွန်တော်တို့ဇာတ်ကားတွေကနေတဆင့် မြန်မာပြည်မှာရှိတဲ့ တန်ဖိုးရှိတဲ့ အရာတွေကို ပြန့်သွားစေချင်တဲ့ ဆန္ဒရှိတာပေါ့နော်” လို့ ဆိုပါတယ်။
Photo: တိမ်တွေပေါ်က ပန်း
“တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ကိုရီးယားနိုင်ငံ နဲ့ ချင်းပြည်နယ်တို့မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ချင်းပြည်နယ်မှာရိုက်တုန်းကဆိုရင် ရာသီဥတုအခက်အခဲတွေကြောင့် ကုန်ကျစာရိတ်တွေ များခဲ့တဲ့အကြောင်း စင်ရော်မောင်မောင်က ဖေ့စ်ဘွတ်စာမျက်နှာ ထက်မှာရေးသားခဲ့ဖူးပါတယ်။ ဇာတ်ကား တစ်ကားလုံးရဲ့ ကုန်ကျစာရိတ်ကတော့ ငွေကျပ်သိန်း ငါးထောင်နဲ့ ငွေကျပ်သိန်းပေါင်း ၁ သောင်း ခန့်အတွင်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
“ကုန်ကျစားရိတ်ကိုတော့ ကျွန်တော် သိပ်မပြောချင်ဘူး။ ဒါပေမယ့် ခန့်မန်းလို့ရအောင် ၅၀၀၀ နဲ့ ၁ သောင်းကြားမှာရှိတယ်။ လိုင်းပေါင်း ၆၅၀ 6.51 ကိုရီးယားကို ၂ မြို့တောင်သွားရတာ။ Group ၈၀ ခေါ်သွားရတယ်။ ကစ်ကစ်ပြိုင်ပွဲဝင်တဲ့ ဇာတ်ဝင်ခန်း တစ်ခန်းတည်းကို မနက် ၇ နာရီရောက်ပြီး ၈ နာရီမှရိုက်တာ ၃ နာရီမှ ပြီးတယ်။ အဲဒီ ဇာတ်ဝင်ခန်းတစ်ခန်းတည်းကို သိန်းပေါင်း ၁၉၀ ကုန်တယ်။ ဒီလောက်ဆိုရင် ငွေကို ခန့်မှန်းလို့ရမှာပါ” ဆိုပြီးတော့ ဒီဇင်ဘာလ ၄ ရက်နေ့ညက “တိမ်တွေပေါ်က ပန်း”ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: တိမ်တွေပေါ်က ပန်း
‘’တိမ်တွေပေါ်က ပန်း’’ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ မင်းသန့်မောင်မောင် တို့က အတူတွဲရိုက်ကူးနေကြတာပါ။ ဒီဇာတ်ကားထဲမှာ ကျော်ထက်အောင်၊ ကိုရီးယားမင်းသားချော Ryu Sang Wook ၊ ဝတ်မှုံရွှေရည်နဲ့ မေသန်းနု တို့က အဓိက ပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Big 5 ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
Photo: တိမ်တွေပေါ်က ပန်း
ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ရေးမန်နေဂျာအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး "မောင်" ဗီဒီယိုဇာတ်ကားနဲ့ နာမည်ကြီးလာသူ ဖြစ်ပါတယ်။ ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင်တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြာတောင်ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြန်ပါသေးတယ်။ သူဟာ ဇာတ်ကားဆု ၃ ဆု၊ ဒါရိုက်တာ ဆု ၃ ဆုတို့ကို ရရှိပိုင်ဆိုင်ထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။