ဖိုးချစ်ကတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ အတူတွဲပြီး ကြော်ငြာရိုက်ဖြစ်ခဲ့တဲ့ အကြောင်းတွေ ပြောပြလာပါတယ်။
ဖိုးချစ်ကတော့ သြဂုတ်လ(၂၆) ရက်နေ့က သင်ဇာဝင့်ကျော်နဲ့ အတူတူ ဇော်ဂျီစိန် ဆိုတဲ့ တိုင်းရင်းဆေး ကြော်ငြာ ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ အနုပညာနယ်ပယ် မတူကြတာကြောင့် ပရိသတ်တွေ ဝေဖန်လာမှာကိုလည်း သိတယ်လို့ မီဒီယာတွေကနေတဆင့် ဖိုးချစ်က အခုလို ပြောပြလာပါတယ်။
“ ကျွန်တော်နဲ့ ညီမနဲ့က ရိုက်ကူးရေးတွေမှာ အများကြီး မဆုံဖူးပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ ခင်ခင်မင်မင်ရှိပါတယ်။ ပြောလာကြမှာတွေကတော့ အများကြီးပါပဲ။ အဖက်ဖက်က သက်သက်စီဖြစ်နေကြတာလေ။ ဒါပေမယ့် ကျွန်တော့် အလုပ် ကျွန်တော် လုပ်ပါတယ်။ ကြော်ငြာထွက်လာရင်လည်း ဖန်တီးထားတဲ့ Creation က ဘယ်လို အကောင်းဆုံး ဖန်တီးထားသလဲဆိုတာ တွေ့ရမှာပါ” လို့ သူက ဆိုပါတယ်။
ဖိုးချစ်နဲ့ သင်ဇာဝင့်ကျော်တို့ နှစ်ဦးတွဲပြီး အနုပညာအလုပ်တွေ လုပ်ခဲ့ဖူးတာ သိပ်မရှိသလောက်ပါပဲ။ အခုလို ကြော်ငြာရိုက်ကူးရေး အတူတူ လုပ်ခွင့်ရတဲ့ အချိန်မှာ အလုပ်နဲ့ ပတ်သက်ပြီး သင်ဇာဝင့်ကျော်ရဲ့ ကြိုးစားမှုအပေါ် ဖိုးချစ် ရဲ့ အမြင်ကို အခုလို ပြောလာခဲ့ပါသေးတယ်။
“ သင်ဇာဝင့်ကျော်က သူ့အလုပ်ကို သူသေချာလုပ်တယ်။ အချိန်တိတိကျကျနဲ့ ကြိုးစားတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်းနှီးနှီးနဲ့ပဲ သူတာဝန်ယူရမယ့် အပိုင်းကို တာဝန်ကျေအောင် လုပ်နိုင်တယ်။ လူငယ်တစ်ယောက်အနေနဲ့ ကြိုးစားတာ မြင်ပါတယ်။ ကျွန်တော် ဖိုးချစ်သည် ဇော်ဂျီအဝတ်အစားနဲ့ရိုက်တယ်။ သင်ဇာဝင့်ကျော်သည် သူယောင်မယ် ပုံစံနဲ့ ရိုက်တယ်။ ကြော်ငြာထွက်လာရင်လည်း ပရိသတ်တွေ ပြောကြတာကို ကျွန်တော် ကြားချင်ပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။
ဖိုးချစ်ဟာ မြန်မာ့ဇာတ်သဘင်လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦး နယ်ပရိသတ်များရဲ့ တခဲနက် အားပေးခြင်းကို ခံရတဲ့ မင်းသားဦးဖြစ်ပါတယ်။ ဇာတ်သဘင်လောကမှာလည်း နာမည်ကြီးသလို သူရှင်သန်ရာ ဇာတ်သဘင်နဲ့ ပတ်သက်ပြီး အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ မြန်မာ့ ဇာတ်သဘင်ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါတယ်။