လက်ရာကောင်းပြီး သန့်ရှင်းတဲ့ဆိုင်လေးမို့ စားသုံးသူတွေ အမြဲစည်ကားနေတဲ့ ထမင်းကြော်ဆိုင်ပါ။

ညနေ ၅နာရီခွဲလောက် မင်းဓမ္မလမ်းကြီးပေါ် ဖြတ်သွားမယ်ဆိုရင် မင်းဓမ္မအိမ်ရာနားက ဗိုလ်ချုပ်လမ်းသွယ်ထိပ်မှာ ခင်းလက်စ ဆိုင်လေးရှေ့မှာ ကားတွေရပ်ရင်း ၊ မတ်တပ်ရပ်ရင်း ၊ ခုံမှာထိုင်ရင်း စောင့်နေတဲ့လူတွေနဲ့ ပြည့်နှက်နေတာ မင်းဓမ္မမော်ကြီးထမင်းကြော်ဆိုင်ပါ။



စားကောင်း ၊ ဈေးတန် ၊ သန့်ရှင်းတဲ့အပြင် စေတနာလည်းကောင်းတာမို့ ဂီတလောကရဲ့ ဒိတ်ဒိတ်ကျဲတွေနဲ့ အနုပညာရှင်တွေအမြဲစားကြတဲ့ မြန်မာထမင်းကြော်နဲ့ဟင်းအစုံ ရောင်းတဲ့ဆိုင်လေး ဖြစ်ပါတယ်။

မင်းဓမ္မမော်ကြီး ထမင်းကြော် ဘယ်လိုစခဲ့လဲ။

ထမင်းဆိုင်လုပ်ငန်းကို စတင်ခဲ့တဲ့ မိခင်ဖြစ်သူရဲ့ နာမည်ကို ဆိုင်ဖွင့်လှစ်တဲ့ နေရာနဲ့ တွဲပြီးပေးဖြစ်တာကြောင့် မင်းဓမ္မ မော်ကြီး ထမင်းကြော်ဆိုတာ ဖြစ်လာခဲ့တာပါ။ ရပ်ကွက်အတွင်းလမ်းလေးမှာ လွန်ခဲ့တဲ့ ၁၅နှစ်ကတည်းက ထမင်း ၊ ဟင်းရောင်းချခဲ့ပြီး ရပ်ကွက်နေပြည်သူတွေရဲ့ အကြံပေး ၊ တောင်းဆိုမှုကြောင့် မင်းဓမ္မလမ်းမကြီးပေါ်မှာ ထမင်းကြော်ဆိုင်စတင်ဖွင့်လှစ်ခဲ့တာ (၄) နှစ်ခန့်ရှိပါပြီ။

"ဆိုင်က စဖွင့်တာက ကျိုက်ဝိုင်း ဗိုလ်ချုပ်လမ်းပေါ့။ အိမ်က လမ်းအတွင်းထဲမှာဆိုတော့ အဲဒီမှာပဲ အမေက ထမင်းဆိုင်လေးစဖွင့်တာ ။ လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကတည်းက ထမင်း၊ဟင်းရောင်းတာပေါ့။ နောက်ပိုင်း ဒီလမ်းမကြီးပေါ်မှာ ထမင်းကြော်ဆိုင်မရှိတာရော လမ်းမကြီးပေါ်ထွက်ရင် ပိုအဆင်ပြေလောက်တယ်ဆိုပြီး အကြံပေးကြ လို့ ဒီမင်းဓမ္မလမ်းကြီးပေါ် ရောက်လာတာ ။ အမေ့ကို မော်ကြီးလို့ သိကြတော့ မင်းဓမ္မ မော်ကြီးဆိုပြီး နာမည်ပေးလိုက်တာ ။ ဒါပေမယ့် မင်းဓမ္မလမ်းထမင်းကြော်ဆိုင်ဆို သိကြပါတယ်" လို့ ရောင်းချသူက ဆိုပါတယ်။

မင်းဓမ္မ မော်ကြီးဆိုင်ရဲ့ နာမည်ကြီးတဲ့ဟင်းတွေ

ဒီဆိုင်မှာ နာမည်ကြီးပြီး ရောင်းရလွန်းလို့ တခြား ဟင်းအိုးတွေအားလုံးထက် သုံးဆလောက် ကြီးနေတာကတော့ ဝက်ပေါင်း ၊ ကြက်ပေါင်း ဟင်းအိုးကြီးတွေပါပဲ။ နူးညံ့အိစက်ပြီး မင်းဓမ္မလမ်းက ကြက်ပေါင်းဟင်းလေး ၊ ဝက်ပေါင်းဟင်းလေးလို့ကို စွဲလမ်းတဲ့အထိ စားဖူးသူတိုင်း ကြိုက်ကြတာမို့ ရောက်ခဲ့မယ်ဆိုရင်တော့ စားကြည့်သင့်ပါတယ်။ ဒါ့အပြင် ဆိုင်က ချပေးတဲ့ ကြက်သွန်ချဉ်နဲ့ ငပိထောင်းဆိုတာ သန့်ရှင်းလတ်ဆတ်ပြီး အရသာကောင်းလို့ ပါဆယ်ဝယ်ရင် ဟင်းအပိုတောင်းဖို့ မေ့ပြီး အဲဒါလေးတွေပဲ ပိုထည့်ပေးပါလို့ တောင်းရတဲ့အထိ ဆိုင်ရဲ့ အသက်ဖြစ်ပါတယ်။

" အခုတော့ ဟင်းက အမျိုး (၄၀) ကျော်လောက်ရှိတယ်။ အရင်ကတော့ အမယ်စုံတယ်။ ဟင်းမျိုး (၆၀) ကျော်တယ်။ ဒီဆိုင်မှာက မင်းဓမ္မလမ်းက ကြက်ပေါင်းဆိုပြီးကို လာစားတဲ့သူတိုင်း မကြိုက်မရှိတဲ့ ကြက်ပေါင်းနဲ့ဝက်ပေါင်း ကတော့ အရောင်းရဆုံးပေါ့။ တစ်နေ့ကို (၇)ပိဿာ ၊ (၈)ပိဿာလောက်စီ ကုန်တယ်။ ထမင်းကြော်ကတော့ ဆန် ပြည် (၂၀)လောက် ချက်ရတယ်။နောက်ပြီးတော့ ကြက်သွန်ချဉ် ။ အစ်မတို့ဆိုင်ကို ထမင်းကြော်လာစားကြတာ အဲဒါကို ကြိုက်ကြလို့လည်းပါတယ်။အဲဒီတော့ ကြက်သွန်ချဉ်နဲ့ငပိထောင်းဆိုတာ မနှမြောဘူး။ စားနိုင်သလောက် ထပ်ထပ်ထည့်ပေးတယ် " လို့ ရောင်းချသူက ဆိုပါတယ်။

အရသာကို ထိန်းသိမ်းဖို့ ဆိုင်ရဲ့ လျှို့ဝှက်ချက်က ဘာလဲ 

မိသားစုအားလုံး တက်ညီလက်ညီနဲ့ ဒီလုပ်ငန်းတစ်ခုထဲကိုပဲ လုပ်ကိုင်တာဖြစ်ပြီး ဟင်းချက်သူဟာ အမြဲတစ်ယောက်ထဲ ဖြစ်တာကြောင့် ဟင်းတွေရဲ့ အရသာက နေ့စဉ်မပြောင်းမလဲ ရှိနေတာပါ။ဒါ့အပြင် ဆီကိုလည်း အကျန်တွေ ၊ ပြန်ကြော်ဆီတွေမသုံးဘဲ ဟင်းအိုးတိုင်းအတွက် ဆီသီးသန့်သုံးတာမို့ အနံ့အရသာက ညီနေတာ ဖြစ်ပါတယ်။

" အစ်မ ဟင်းရွက်ဆီသုံးတယ် ၊ အကြော်တွေအတွက် စားအုန်းဆီသုံးတယ်။ အစ်မရောင်းတဲ့ဈေးနဲ့ ပဲဆီတော့ မသုံးနိုင်ပါဘူး။ ဒါပေမယ့် ဟင်းတွေကို အနံ့တွေမရောထွေးအောင် လုပ်တယ်။ ဆီကျန်တွေ ၊ ပြန်ကြော်ဆီတွေ မသုံးဘူး။ ဈေးကို အစ်မနဲ့ အစ်မအဒေါ်က တစ်ရက်စာ တစ်ရက်ဝယ်တယ်။ ချက်တာက တစ်ယောက်ထဲပဲ ကျန်တဲ့လူတွေက ဘေးကကူတယ်။ အဲဒါကြောင့် အရသာလည်း မပြောင်းသွားဘူး။တစ်ချို့ဆို ဘူးတွေ ၊ ချိုင့်တွေနဲ့ လာဝယ်တာ။ ရေခဲသေတ္တာထဲထည့်ထားပြီး အိမ်မှာ ဆီလေးထည့် ပြန်နွှေးပြီး စားလိုက်တာ ဟင်းတောင်မချက်ကြဘူး " လို့ ရောင်းချသူက ဆိုပါတယ်။

ခေတ်အနေအထားအရ ရောင်းအားလျော့သွားတဲ့ မင်းဓမ္မမော်ကြီး ထမင်းကြော်ဆိုင်

ယခင်က ညနေ ၆နာရီကနေ မနက် ၄နာရီအထိ ရောင်းချခဲ့တဲ့ဆိုင်ဖြစ်လို့ တစ်ညကို ဆန်(၄ )အိတ် (၅) အိတ်ခန့် နဲ့ ဟင်းအမျိုး (၆၀) ကျော်လောက် ရောင်းချရပြီး ဆိုင်ကို ပေ (၁၀၀)လောက် ခင်းရတဲ့အထိ စည်ကားလွန်းလှပေမယ့် လက်ရှိမှာတော့ ခေတ်အနေအထားအရ ညနေ ၆နာရီကနေ ည ၁၁နာရီခွဲအထိပဲ ရောင်းရတာမို့ ရောင်းအားတော့ တော်တော်လေးကျသွားတဲ့ အနေအထားရှိပါတယ်။

" ညမိုးချုပ်သွားရင် ဘာဟင်းမှ မရှိတော့လို့ ကြက်ဥကတ်လိုက်ချပြီး မျိုးစုံကြော်ပေးရတယ်။ ဒါပေမယ့် ရောင်းရတာပါပဲ။ အရင်နဲ့ကတော့ ခေတ်အခြေအနေအရ မတူတော့ဘူးလေ။ အရင်က ညနေ (၆) မနက် (၄) ရောင်းတာ ။ လူတွေဆိုတာ အသံကို မထွက်နိုင်ဘူး။ ဆိုင်ကို ပေ ၁၀၀ လောက် ခင်းထားရတယ်။ သိန်း ၂၀ ၊ ၃၀ဖိုး ရောင်းရတာပေါ့ " လို့ ရောင်းချသူက ဆိုပါတယ်။


ဇော်ဝင်းထွဋ်တောင် ဖောက်သည်ကြီးဖြစ်နေတဲ့ မင်းဓမ္မမော်ကြီး ထမင်းကြော်

မင်းဓမ္မအိမ်ရာရှေ့နားမှာ ဖွင့်တဲ့ ဒီထမင်းကြော်ဆိုင်က နာမည်ကျော် ဂီတအနုပညာရှင်တွေ စားဖူးကြတဲ့ဆိုင်ဖြစ်ပြီး တေးသံရှင်ဇော်ဝင်းထွဋ်ကတော့ ဖောက်သည်ကြီး ဖြစ်နေပါတယ်။ 

" ဇော်ဝင်းထွဋ်ကတော့ ဖောက်သည်ကြီးပေါ့။ အခုလည်း သူ့တပည့်လေးတစ်ယောက် လာလာဝယ်ပါတယ်။ သူ့ကြောင့်ကို တခြားအနုပညာရှင်တွေ ချစ်စမ်းမောင်တို့ ဇော်ပိုင် ၊ R ဇာနည်တို့ ၊ တခြားသူတွေရောပဲ အများကြီး လာစားကြတယ်။ MRTV-4 က မင်းသမီးတွေ ၊ မော်ဒယ်တွေလည်း လာစားကြတယ်။ဒီထဲမှာက Bagan FM ရုံးလည်းရှိတော့ အဲဒီကိုလာတဲ့ အနုပညာရှင်တွေ အများကြီး အစ်မတို့ဆိုင်မှာ စားတယ် " လို့ ရောင်းချသူက ဆိုပါတယ်။

မင်းဓမ္မ မော်ကြီးထမင်းကြော်ဆိုင်မှာ အားပေးချင်ရင်တော့ 

မင်းဓမ္မလမ်းနဲ့ ဗိုလ်ချုပ်လမ်းသွယ်ထောင့် ၊ မင်းဓမ္မအိမ်ရာဝင်းအနီး၊ မရမ်းကုန်းမြို့နယ်မှာ ညနေ (၆) နာရီကနေ ည (၁၁) နာရီအထိ ဖွင့်လှစ်ပါတယ်။ အသားဟင်းတွေက တစ်ပွဲ (၂၀၀၀) ၊ အရံဟင်းတွေ အရွက်ကြော်တွေက တစ်ပွဲ (၅၀၀) ဖြစ်ပြီး ဆိတ်သားဟင်းတစ်မျိုးပဲ တစ်ပွဲကို (၄၀၀၀)ကျပ် ဖြစ်ပါတယ်။ ထမင်းကြော် အိအိလေးနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ဟင်းတွေကို ကြက်သွန်ချဉ် ငပိထောင်းနဲ့ အတွဲစပ်မိမိ မြည်းစမ်းချင်ရင်တော့ မင်းဓမ္မ မော်ကြီးထမင်းကြော်ဆိုင်ကို လမ်းကြုံတဲ့အခါ တစ်ခေါက်လောက် ဝင်ရောက်မြည်းစမ်းနိုင်ဖို့ Duwun က လမ်းညွှန်ပေးလိုက်ပါတယ်။

Share

Loading Next Article...
က္က