One Direction အဖွဲ့ အဆိုတော်ဟောင်း ဇေးမာလစ်နဲ့ အမေရိကန် စူပါမော်ဒယ် ဂျီဂျီဟက်ဒီးတို့ရဲ့ ကျန်းမာလှပတဲ့ သမီးလေးကို မွေးဖွားခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် မာလစ်က သမီးလေး မွေးဖွားတဲ့သတင်းကို သူ့ရဲ့ Twitter မှာ ကလေးလေးရဲ့လက်ဖြင့် သူ့ရဲ့လက်ချောင်းကို ဆုပ်ကိုင်ထားတဲ့ အဖြူအမည်း ဓာတ်ပုံတစ်ပုံ မျှဝေးရင်း ပရိသတ်တွေကို ကြေညာထားပါတယ်။ ဓာတ်ပုံနဲ့အတူ မာလစ်က "ဒီလူသေးသေးလေးကို ကျွန်တော် ချစ်တဲ့ခံစားချက်က နားမလည်နိုင်အောင်ပဲ" လို့ ရေးသားထားပါသေးတယ်။ ဂျီဂျီကလည်း အလားတူ အဖြူအမည်း ဓာတ်ပုံတစ်ပုံကို သူမရဲ့ Instagram မှာ တင်ထားခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် ကမ္ဘာကျော်မော်ဒယ် ဂျီဂျီက ကိုယ်ဝန်လွယ်ထားရပြီလို့ ဧပြီလအတွင်း The Tonight Show Starring Jimmy Fallon အစီအစဥ်မှာ ပါဝင်ခဲ့စဥ် အတည်ပြု ပြောကြားခဲ့ပါတယ်။ သူမနဲ့ မာလစ်တို့က လူတိုင်းရဲ့ ဆုမွန်ကောင်းတွေနဲ့ အားပေးမှုအတွက် ပျော်ရွှင်ပြီး ကျေးဇူးတင်တယ်လို့ ဂျီဂျီက Jimmy Fallon ရဲ့ အောင်မြင်ကျော်ကြားသူတွေနဲ့ စကားစမြည်ပြောတဲ့ ရုပ်မြင်သံကြားအစီအစဥ်မှာ ပြောခဲ့ပါတယ်။
မာလစ်နဲ့ ဂျီဂျီတို့ဟာ ၂၀၁၅ ခုနှစ်နှောင်းပိုင်းကတည်းက လက်တွဲခဲ့ကြတဲ့ ချစ်သူတွေလည်း ဖြစ်ပါတယ်။ မာလစ်ဟာ One Direction အဆိုတော်အဖွဲ့မှာ တတိယမြောက် ကလေးအဖေ ဖြစ်လာသူလို့ ဆိုပါတယ်။ One Direction အဖွဲ့မှ Louis Tomlinson က ၂၀၁၆ ခုနှစ်မှာ သားဖြစ်သူ Freddie ကို ရရှိခဲ့သလို Liam Payne ကလည်း အဆိုတော် ချယ်ရီ (Cheryl) သုံးနှစ်အရွယ် သားတစ်ဦး ပိုင်ဆိုင်ထားပါတယ်။