ပြည်သူ ၃၁ ဦးဆီကနေ သိန်း ၆၀၀ ကျော်လိမ်သွားတာပါ။

Zhulian ကုမ္ပဏီ မန်ဘာဝင် ကိုအောင်ကြည်သန်းဆိုသူက ဘားအံမြို့ ကော့ရင်းအထက် ကျေးရွာက ပြည်သူ ၃၁ ဦးဆီကနေ ကျပ် ၆၁၅ သိန်း လိမ်လည်မှု ဖြစ်ပွားခဲ့တယ်လို့ အလိမ်ခံရသူတွေက ဖေဖော်ဝါရီလ ၁၁ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားပါတယ်။

၂၀၁၇ ခုနှစ်အတွင်းက Zhulian-Hpa-An-Myanmar ကုမ္ပဏီမန်ဘာဝင်ဖြစ်တဲ့ ကိုအောင်ကြည်သန်းနဲ့ မသာအွာတို့က ကုမ္ပဏီမှာ အစုရှယ်ယာဝင်ပြီး ၆ လအတွင်း အကျိုးအမြတ် ၅ ဆရမယ်လို့ပြောကာ ကော့ရင်းအထက်ကျေးရွာမှာနေတဲ့ ဒေသခံတွေဆီကနေ လိမ်လည်သွားခဲ့တာဖြစ်ပါတယ်။

“ သိန်းငါးဆယ်ရင်းရင် ခြောက်လအတွင်း သိန်းငါးဆယ်ရမယ်လို့ ကျွန်မတို့ကိုပြောပါတယ်။ သူနေတဲ့ နေရာမှာ Zhulian ကုမ္ပဏီဆိုပြီး ဆိုင်းဘုတ်ထောင်ထားတော့ အမတို့လဲ ယုံကြည်မိခဲ့တာ။ အခုတစ်နှစ်ကျော်ကြာတဲ့အထိ ကျွန်မတို့ကို မပေးဘူး။ ကြိုက်တဲ့နေရာသွားတိုင်လို့ ပြောပါတယ်။ ကျွန်မတို့အနေနဲ့ အလိမ်ခံရတဲ့ပိုက်ဆံတွေကို ပြန်လိုချင်ပါတယ်။”လို့ သိန်း ၃၀ ကျော် အလိမ်ခံရသူ မနော်အယ်ဖဲက ပြောပါတယ်။

လိမ်လည်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Zhulian ကုမ္ပဏီနဲ့ မသက်ဆိုင်ကြောင်း၊ ကိုအောင်ကြည်သန်းဆိုသူမှာ Zhulian ကုမ္ပဏီ မန်ဘာအဖြစ်မှ နုတ်ထွက်ခဲ့တာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ကြောင်း၊ ကုမ္ပဏီရဲ့ ဆိုင်းဘုတ်ကို အလွဲသုံးစားအသုံးပြုသည်ဟုဆိုကာ ကိုအောင်ကြည်သန်းကို တရားစွဲဆိုမည် ဖြစ်ကြောင်း Zhulian ကုမ္ပဏီရဲ့ ဘားအံမြို့ကိုယ်စားလှယ် Diamond Sale Manager မနွယ်နီခိုင်က အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျွန်မတို့ Zhulian ဘားအံနဲ့ ဒီကိစ္စက ဘာမှ ပတ်သက်မှုမရှိပါဘူး။ ကိုအောင်ကြည်သန်းက ကုမ္ပဏီကိုရော ပြည်သူတွေကိုရော အလွဲသုံးစားလုပ်သွားတာပါ။ ကျွန်မတို့အနေနဲ့က ကိုအောင်ကြည်သန်းကို ထိရောက်တဲ့ အရေးယူမှုလုပ်မယ်။ ဆိုင်းဘုတ်တင်ပြီး မဟုတ်တာလုပ်တဲ့အတွက် ရုံးချုပ်က တည်ဆဲဥပဒေအရ အရေးယူသွားဖို့ရှိပါတယ်။” လို့ မနွယ်နီခိုင်က ပြောပါတယ်။

Zhulian ကုမ္ပဏီအနေနဲ့ အလိမ်ခံရသူတွေနဲ့ လိမ်လည်သွားသူ ကိုအောင်ကြည်သန်းဆိုသူနဲ့ ထိပ်တိုက် တွေ့ဆုံနိုင်ဖို့ ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်းဆိုပါတယ်။ Zhulian ကုမ္ပဏီမှာ ကုန်ပစ္စည ်းတွေကို ယခင်က ဈေးကွက်ဆင့်ပွားစနစ် (Multi Level Marketing ) စနစ်နဲ့ ရောင်းချပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်၉ လပိုင်းက အစိုးရက MLM စနစ်ရောင်းချနေတဲ့သူတွေကို အရေးယူမယ်ဆိုပြီး ကြေညာပြီးနောက်ပိုင်း အဆိုပါစနစ်နဲ့ ရောင်းချခြင်းကို ဖျက်သိမ်းခဲ့ပြီး လက်လီလက်ကားစနစ်နဲ့ ရောင်းချပေးနေတယ်လို့လည်းသိရပါတယ်။

Share

Loading Next Article...
က္က