မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ရာဖေးလ် ဗာရွမ်းဟာ တကယ်လို့ ဇီဒန်းသာ ပြင်သစ်လက်ရွေးစင်နည်းပြဖြစ်ခဲ့ရင် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူမှာမဟုတ်ဘူးဆိုတဲ့ ပြောဆိုမှုတွေကို တုံ့ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်မှာ ရာဖေးလ် ဗာရွမ်းဟာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူသွားခဲ့တဲ့ ဟူဂို လိုရစ်ရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဆက်ခံမယ့်သူအဖြစ် တစ်ကြိုပေးခြင်းခံခဲ့ရပေမယ့်လည်း အသက် ၂၉ နှစ်အရွယ်မှာပဲ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ပြင်သစ်အသင်းအတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ပြင်သစ်နောက်ခံလူက လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ချက်ဟာ အလွန်အကျွံများပြားတဲ့ ပွဲချိန်စာရင်းရဲ့ လွှမ်းမိုးမှုလည်း ပါဝင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်
"ကျွန်တော် အရာအားလုံး ပေးခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရောပါ။ ဒါပေမယ့် အမြင့်မားဆုံးအဆင့်အတန်းက အဝတ်လျှော်စက်လိုပဲ။ ခင်ဗျား တစ်ချိန်လုံး ကစားနေရပြီး ဘယ်တော့မှ ရပ်တန့်လို့မရပါဘူး။ ကျွန်တော်တို့မှာ အလွန်အကျွံဝန်ပိနေတဲ့ အချိန်စာရင်းရှိပြီး အဆက်မပြတ် ကစားနေရတယ်။ အခုအချိန်မှာ ကျွန်တော် အသက်ရှူကြပ်သလို ခံစားနေရပြီး ဒီ ဗာရွမ်းဆိုတဲ့ ကစားသမားက ဗာရွမ်းဆိုတဲ့လူကို လောဘတကြီး စားသုံးနေလိုမျိုးပဲ"လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်မှာ ဗာရွမ်းအနေနဲ့ ဇီဒန်းသာ ပြင်သစ်လက်ရွေးစင်နည်းပြဖြစ်လာခဲ့မယ်ဆိုရင် စောစောစီးစီး အနားယူမှာမဟုတ်ဘူးဆိုတဲ့ ပြောဆိုမှုတွေရှိနေခဲ့တာ ဖြစ်ပါတယ်။
ဗာရွမ်းက ဒက်စ်ချမ့်အစား လက်ရွေးစင်အသင်းမှာ ဇီဒန်းလိုမျိုးနောက်ထပ်နည်းပြတစ်ဦး နည်းပြနေမယ်ဆိုရင်တောင်မှ ၎င်းရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေမှာမဟုတ်ဘူးလို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။ "ဟင့်အင်း။ တခြားနည်းပြကလည်း ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ဘာမှ ပြောင်းလဲစေမှာမဟုတ်ပါဘူး။ အဲဒါက ကွင်းပြင်ပကိစ္စတွေ၊ တခြားကစားသမားတွေနဲ့ သူတို့ရဲ့လက်ရွေးစင်ကစားသမားဘဝ၊ နည်းပြရဲ့စာချုပ်သက်တမ်းတိုးမှု ဒါမှမဟုတ် အဖွဲ့ချုပ်မှာ အခုအချိန်ဖြစ်နေတာတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော့် ဆုံးဖြတ်ချက်က ဘာနဲ့မှမဆိုင်ဘဲ ကိုယ်ရေးကိုယ်တာသက်သက်ပါ"လို့ ပြောကြားခဲ့ပါတယ်။