ရီးယဲလ်မက်ဒရစ်အသင်းကို နည်းပြအဖြစ် ဇီဒန်း ပြန်လည်ရောက်ရှိလာပြီးနောက်မှာ မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒီဂီယာရဲ့အပြောင်းအရွှေ့ပြန်လည်လှုပ်ခတ်လာပြီလို့ Daily Mirror ကဖော်ပြပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းကို တကျော့ပြန်ကိုင်တွယ်နေတဲ့ နည်းပြ ဇီဒန်းဟာ လက်ရှိအသင်းဂိုးသမား ကော်တိုရစ်ရဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်နေပြီး သတိပေးမှုတွေလုပ်ခဲ့ပါတယ်။ ဇီဒန်းရဲ့ဂိုးသမားကော်တိုရစ်အပေါ် စိတ်ပျက်နေမှုက မန်ယူဂိုးသမား ဒီဂီယာကို ရီးယဲလ်ကခေါ်ယူဖို့အတွက် ကြိုးပမ်းလာနိုင်ခြေရှိနေတယ်လို့ Daily Mirror က ခန့်မှန်းရေးသားထားပါတယ်။ ဇီဒန်းဟာ ဒီဂီယာကို ကာလကြာရှည် စိတ်ဝင်စားနေသူဖြစ်ပြီး လာမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်ရဲ့ အဓိကပစ်မှတ်အဖြစ် လှုပ်ရှားသွားဖို့ရှိနေပါတယ်။
အသက် ၂၈နှစ်အရွယ် စပိန်ဂိုးသမားရဲ့လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၀ အထိပဲ ကျန်ရှိတော့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက စာချုပ်သက်တမ်းတိုးဖို့အတွက်လည်း ကမ်းလှမ်းမှုတစ်ရပ်လုပ်ဖို့ ရှိနေပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီဂီယာကို တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ နဲ့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း Daily Mirror ရဲ့ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီဂီယာကို ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းနဲ့ ကမ်းလှမ်းဖို့အထိ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ လက်ရှိဂိုးသမား ကော်တိုရစ်ကို ပြောင်းရွှေ့ကြေးပေါင် ၃၅သန်းနဲ့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာခေါ်ယူခဲ့တာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်ကိုရောက်ပြီးနောက်မှာ ပုံမှန်လက်စွမ်းပျောက်ဆုံးနေတာပါ။ ရီးယဲလ်မက်ဒရစ်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကော်တိုရစ်ရဲ့ချယ်လ်ဆီးကစားဖော်ဟောင်း ဟာဇက်ကိုလည်း ခေါ်ယူဖို့အတွက် ပြင်ဆင်နေပါတယ်။ ကော်တိုရစ်အနေနဲ့ကတော့ ရီးယဲလ်မက်ဒရစ်မှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့ရင် အသင်းပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့လည်း Daily Mirror ကဖော်ပြထားပါတယ်။