လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ယခုနွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းကသာ ကမ်းလှမ်းမှုတွေ ပြုလုပ်လာမယ်ဆိုရင် လီဗာပူးအသင်းကနေ ထွက်ခွာဖို့ စဉ်းစားသွားမယ်လို့ သိရပါတယ်။
ရီးရဲမက်ဒရစ်နည်းပြဇီဒန်းဟာ ယခုလအစောပိုင်းမှာ ဘာနေဗျူးကို ပြန်လာခဲ့သူဖြစ်ပြီး ယခုနွေရာသီမှာ အသင်းရဲ့လူစာရင်းကို ကြီးကြီးမားမား အပြောင်းအလဲတွေပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ မာနေးအတွက် ပေါင် ၇၃ သန်းပေးချေဖို့ဆန္ဒရှိနေတယ်လို့ သိရပြီး မာနေးကလည်း ဇီဒန်းရဲ့လက်အောက်မှာ ကစားလိုနေတယ်လို့ သိရပါတယ်။
Marca ရဲ့ဖော်ပြချက်အရ မာနေးဟာ နည်းပြဇီဒန်းရဲ့လက်အောက်မှာ ကစားခွင့်ရရှိဖို့အတွက် အန်းဖီးကို စွန့်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဆီနီဂေါကြယ်ပွင့်တိုက်စစ်မှူး မာနေးဟာ လီဗာပူးကစားသမားဘဝကို နှစ်သက်သူဖြစ်ပြီး နည်းပြယာဂင်ကလော့ပ်နဲ့လည်း အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသူဖြစ်ပါတယ်။
ဒါပေမယ့် ရီးရဲမက်ဒရစ်အသင်းနည်းပြ ဇီဒန်းရဲ့ဆွဲဆောင်မှုကြောင့် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတာဖြစ်ပြီး ဇီဒန်းဟာ ပြီးခဲ့တဲ့ပထမနည်းပြသက်တမ်းကတည်းက မာနေးကို ခေါ်ယူဖို့ဆန္ဒရှိခဲ့တာဖြစ်ပါတယ်။
ဇီဒန်းက အသက် ၂၆ နှစ်အရွယ် လီဗာပူးကြယ်ပွင့်ရဲ့ ပရိသတ်ဖြစ်ကြောင်း ရီးရဲမက်ဒရစ်ကစားသမားတွေကိုတောင် ပြောကြားခဲ့ဖူးပြီး ယခုရာသီမှာ မာနေးဟာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဆုဖလားအတွက် အာရုံစိုက်နေသူဖြစ်ပါတယ်။