ပေါ့ဂ်ဘာကတော့ ဒူဘိုင်းမှာ အပန်းဖြေရင်း ခြေဖဝါးဒဏ်ရာကို ပြန်လည်ကုစားနေရာမှာ ရီးရဲနည်းပြ ဇီဒန်းနဲ့ တွေ့ဆုံနေတဲ့ ဓာတ်ပုံတွေ တက်လာခဲ့တာပါ။
ဒူဘိုင်းမှာ ရီးရဲနည်းပြ ဇီဒန်းနဲ့ တွေ့ဆုံခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ပြဿနာတစ်စုံတရာ မရှိပါဘူးလို့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက လီဗာပူးနဲ့ပွဲအတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တယ် လို့ Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။
ပေါ့ဂ်ဘာကတော့ ခြေဖဝါးဒဏ်ရာကို ဒူဘိုင်းမှာ အနားယူနေရင်း ပြန်လည်ကုစားနေတာဖြစ်ပြီး သူ ဒဏ်ရာကို အပြင်းအထန် ကုစားနေတာကို အင်စတာဂရမ်မှာ ဗီဒီယိုတင်ပြီး ပရိသတ်တွေကို ဖော်ပြခဲ့ပါသေးတယ်။
ဒါပေမယ့်သူတည်းနေတဲ့ ဟိုတယ်မှာ ကမ္ဘာ့ဖလားရဖူးတဲ့ ပြင်သစ်ကစားသမားအဖြစ် သူတစ်ဦးတည်း ရှိနေတာ မဟုတ်ပဲ လက်ရှိ ရီးရဲနည်းပြ ဇီဒန်းလည်း အပန်းဖြေအနားယူနေခဲ့တာပါ။
သူတို့နှစ်ဦးသားတွေ့ဆုံခဲ့ကြပြီး ရေကူးကန်မှာ နှစ်ဦးသားဓာတ်ပုံရိုက်ပြီးတင်ထားခဲ့ပါသေးတယ်။ ဒီအချိန်မှာ ရီးရဲ ရောက်တော့မယ်လို့ သတင်းထွက်နေတဲ့ ပေါ့ဂ်ဘာနဲ့ ဇီဒန်းတို့ရဲ့ တွေ့ဆုံမှုအပေါ် မီဒီယာတွေက အမျိုးမျိုး ထင်မြင်ရေးသားနေခဲ့ကြပါတယ်။
ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကတော့ သူ့ကစားဟာ ပြန်လည်ကြံ့ခိုင်ရေးကိုသာ အာရုံစိုက် လုပ်ဆောင်နေတာသာ ဖြစ်ပြီး အခြားကိစ္စတွေကိုခေါင်းထဲမှာ ရှိနေမှာမဟုတ်ဘူးလို့ ယုံကြည်ထားတဲ့ အကြောင်း ထုတ်ဖော်ပြောလာပါတယ်။
“ပေါလ်က ကျွန်တော်တို့ အစီအစဉ်ရဲ့ ကဏ္ဍတစ်ခုအဖြစ်ရှိနေပါတယ်။ ခက်ခဲတဲ့ကာလတစ်ခုမှာအတူပါဝင်ထား သူပါ။ ဝေဖန်မှုတွေကတော့ ရှေ့၊လယ်၊နောက်ရှိနေပါတယ်။” လို့ ဆိုးလ်ရှားက ပြောလိုက်ပါတယ်။
ယူနိုက်တက်အသင်းကတော့ လာမယ့် တနင်္ဂနွေမှာ လီဗာပူးအသင်းကို ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အိမ်ကွင်း ဧည့်ခံကစားရဖို့ရှိနေပြီး ပေါ့ဂ်ဘာအပါအဝင် အခြားအဓိက ကစားသမားအချို့ကို ဒဏ်ရာကြောင့် လက်လွှတ် ထားရပါတယ်။