သေဆုံးမှုနဲ့ ပတ်သက်လို့ အကြောင်းရင်းကိုမသိရပေမယ့် လုပ်ငန်းခွင်မှာတော့ ပြဿနာတစ်စုံတစ်ခုမှ ဖြစ်ပွားတာမျိုးမရှိဘူးလိ့ု့သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ဇီးကုန်းမြို့နယ် သတင်းရဲတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီးတစ်ဦးကြိုးဆွဲချသေဆုံးကြောင်းကို ဇီးကုန်းရဲစခန်းမှအတည်ပြုပြောကြားခဲ့ပါတယ်။ ဒီကနေ့ အောက်တိုဘာလ(၁၈)ရက်နေ့ မနက်အစောပိုင်းက သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“ သူက သူ့အိမ်ကို အမြဲတမ်းပြန်မအိပ်ဘူး။တစ်ခါတစ်လေမှပြန်အိပ်တာ။ မနေ့ကညက သူအိမ်ပြန်လာတော့ သူ့အမေက အိပ်ယာတွေဘာတွေတောင်ခင်းပေးပြီး အိပ်ခိုင်းလိုက်တာ။ သူ့တို့အိမ်က အရှေ့မှာဈေးဆိုင်လေးဖွင့်ထားတယ်။ ဒီမနက်အစောကျမှ သူ့အမေက ဈေးရောင်းရင်းနဲ့ အိမ်ထဲဝင်လိုက်တော့ သူ့သားအခုလိုသေဆုံးနေတာကိုတွေ့ရတာ။ မနက်ပိုင်းမှအခုလိုလုပ်သွားတာဖြစ်မယ်” လို့ ဇီးကုန်းရဲစခန်းမှတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
သေဆုံးသွားတဲ့ ရဲတပ်ကြပ်ကြီးက အသက်(၄၃) နှစ်အရွယ် တပ်ကြပ်ကြီးဇော်လင်းထွန်းဖြစ်တယ်လို့သိရပါတယ်။ သူဟာ လုပ်ငန်းခွင်မှာတာဝန်ထမ်းဆောင်စဉ်အတွင်း ပြဿနာတစ်စုံတစ်ခု မဖြစ်ခဲ့ဘူးလို့လည်း အဆိုပါတာဝန်ရှိသူမှပြောပါတယ်။ လက်ရှိမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သေမှုသေခင်းအမှုဖွင့်ဆောင်ရွက်လျှက်ရှိကာ နာရေးဈာပနာကိုတော့ အောက်တိုဘာလ(၁၉)ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။