The Rock လို့ ပရိသတ်တွေကြားမှာ ထင်ရှားကျော်ကြားတဲ့ ဟောလိ၀ုဒ်သရုပ်ဆောင်နဲ့ WWE နပမ်းသမားဟောင်းကြီး Dwayne Johnson ကတော့ UFC ဖိုက်တာ သမ်ဘာဂိုရမ်ဘိုကို နေအိမ်အသစ်တလုံး ပေးလိုက်ပြီဖြစ်ပါတယ်။ The Rock ဟာ ဂိုရမ်ဘိုရဲ့ ဇာတ်လမ်းကို သိပြီးတဲ့နောက် ထင်မှတ်မထားဘဲ သွားရောက်တွေ့ဆုံကာ အံ့အားသင့်စေခဲ့ပြီးနောက် အခုလိုမျိုး လုပ်ပေးခဲ့တာပါ။
ဂိုရမ်ဘိုဟာ UFC မှာ ထိုးသတ်ဖို့အတွက် ပြင်ဆင်လေ့ကျင့်ပြီး အခုမှ ဒီလောကကို ဝင်ရောက်လာခဲ့တာပါ။ သူ့ရဲ့ ပထမဆုံးပွဲကိုတော့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ပြီး နောက်တပွဲမထိုးသတ်ခင် သူ့ဆီမှာ ၇ ဒေါ်လာသာ ရှိတော့တယ်လို့ ဖွင့်ဟခဲ့သူပါ။ ဒါပေမယ့်လည်း သူ့ရဲ့ ဇာတိရွာမှာ ရေသန့်ရဖို့အတွက် သူ့လေ့ကျင့်ခန်းပစ္စည်းတွေကို အွန်လိုင်းကတဆင့် ဒေါ်လာ ၇ ထောင်နဲ့ ရောင်းချကာ ရေသန့်စက် ဝယ်ယူပေးခဲ့တာကို အားလုံးသိအောင် သူက ပြောပြခဲ့ပါတယ်။
သူ့ရဲ့ ဇာတ်လမ်းကို သိပြီးတဲ့နောက်မှာ The Rock က ဂိုရမ်ဘိုကို သွားရောက်တွေ့ဆုံခဲ့တာပါ။ အသက် ၃၂ နှစ်အရွယ် ဂိုရမ်ဘိုတယောက် The Rock က သူ့ကို လာရောက်တွေ့ဆုံတာကို မယုံနိုင်အောင်ဖြစ်ခဲ့ရပြီး ငိုကြွေးခဲ့တဲ့အထိပါပဲ။ အခုလည်း The Rock က ဂိုရမ်ဘိုကို ကားနဲ့ ခေါ်ဆောင်သွားခဲ့ပြီး ဇမ်ဘာဘွေဖိုက်တာတယောက် ဘာကြောင့်လဲဆိုတာကို မသိခဲ့ရပါဘူး။
The Rock က သူ့ သူငယ်ချင်းအိမ်ကို သွားမယ်လို့သာ ပြောခဲ့တာပါ။ အဆိုပါအိမ်ကိုအရောက်မှာတော့ သူက ဂိုရမ်ဘိုကို အိမ်သော့ပေးခဲ့ပြီး မင်းအတွက်လို့ ပြောဆိုခဲ့ပါတယ်။ ဒီအိမ်သစ်မှာနေနေသမျှ ကာလပတ်လုံး ကျသင့်မယ့် ကုန်ကျစရိတ်မှန်သမျှကို သူ ပေးဆောင်နေမယ်လို့လည်း The Rock က ကတိပေးခဲ့ပါတယ်။
ဒီတခါမှာလည်း ဂိုရမ်ဘိုတယောက် The Rock ရဲ့ ရက်ရောမှုအတွက် မျက်ရည်တွေကျတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ မင်းက ချန်ပီယံတဦးဖြစ်လာရမယ်၊ ငါ့ကိုယုံကြည်ပါလို့လည်း The Rock က အားပေးပြောဆိုခဲ့ကာ ဂိုရမ်ဘိုရဲ့ အခက်အခဲတွေကို ကူညီခဲ့ပြီဖြစ်ပါတယ်။ ဒီအကြောင်းကတော့ အခုဆိုရင် တော်တော်လေးရေပန်းစားနေပြီး The Rock ရဲ့ လုပ်ရပ်ကိုလည်း ပရိသတ်တွေက ချီးကျူးနေကြပါတယ်။